ဆေးရုံဝန်ထမ်းတွေက မွေးကင်းစကလေး ခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ်ရှိ အဓိက ဆေးရုံတစ်ရုံမှာ ယနေ့ (ဇန်နဝါရီ ၉ ရက်) မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ မွေးလူနာဆောင် မီးလောင်မှုအတွင်း မွေးကင်းစကလေးငယ် ၁၀ ဦး သေဆုံးခဲ့တယ်လို့ သိပါတယ်။

(Photo: IANS)

Bhandara ခရိုင်ဆေးရုံမှာ ယနေ့ ဒေသစံတော်ချိန် မနက် ၂ နာရီခန့်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း ဆေးရုံဝန်ထမ်းတွေက မွေးကင်းစကလေး ခုနစ်ဦးကို ကယ်တင်နိုင်ခဲ့ပေမဲ့ အခြား မွေးကင်းစကလေး ၁၀ ဦးကို ကယ်တင်နိုင်ခဲ့ခြင်းမရှိဘူးလို့ ထိုဆေးရုံမှာ ဆရာဝန်ဖြစ်သူ Pramod Khandate က AFP သတင်းဌာနကို ပြောပါတယ်။ မီးလောင်မှုအတွင်း သေဆုံးခဲ့တဲ့ ကလေးငယ်တွေဟာ ရက်သားအရွယ်နဲ့ သုံးလအရွယ်ကြား ကလေးတွေဖြစ်ကြောင်း သတင်းတွေက ဖော်ပြပါတယ်။



(Photo: AP/picture alliance)

"မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး၊ ဒါပေမဲ့ ဝန်ထမ်းတွေက မီးလောင်မှုကို တတ်နိုင်သမျှ အမြန်ဆုံး ငြှိမ်းသတ်ခဲ့ကြပါတယ်၊ မီးခိုးမွန်းကျပ်မှုကြောင့် ကလေးတွေ သေဆုံးခဲ့ကြရပါတယ်" လို့ ဒေါက်တာ Pramod Khandate က ပြောပါတယ်။ ဆေးရုံတာဝန်ကျ သူနာပြုတွေက မွေးကင်းစအဆောင်မှာ မီးလောင်တာကို စတင်သတိပြုမိသွားခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ မီးသတ်တပ်ဖွဲ့က ဆေးရုံရဲ့ အခြားနေရာတွေကို မီးကူးစက်မှုမရှိစေရန် ငြှိမ်းသတ်တားဆီးခဲ့ကြပြီး အခြားလူနာတွေကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

(Map: BBC)

အာဏာပိုင်တွေက ဆေးရုံမီးလောင်မှုကို ချက်ချင်း စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရပါတယ်။ အိန္ဒိယမှာ အဆိုးဆုံး ဆေးရုံမီးလောင်မှုအဖြစ် ၂၀၁၁ ခုနှစ်အတွင်း ကိုလ်ကတ္တားရှိ ဆေးရုံးတစ်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၉၀ ကျော် သေဆုံးခဲ့ပါတယ်။ ယမန်နှစ် ဩဂုတ်လအတွင်းကလည်း Ahmedabad ရှိ ဆေးရုံတစ်ရုံမှာ မီးလောင်မှုကြောင့် COVID-19 လူနာ ၈ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ယမန်နှစ် နိုဝင်ဘာလအတွင်း Rajkot မှာ ဆေးခန်းတစ်ခန်း မီးလောင်မှုအတွင်း COVID-19 လူနာ ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က