မိုးဒီဟာ ကိုဗစ်ကူးစက်ခံလိုက်ရတာကြောင့် ဆေးကုသမှုခံယူနေရစဉ်အတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပရိသတ်သိဖို့ မျှဝေခဲ့ပါတယ်။
ဝါရင့်လူရွှင်တော်ကြီးဖြစ်တဲ့ ဦးမိုးဒီကတော့ ကျန်းမာရေး မကောင်းတဲ့ကြားက ကိုဗစ်ရောဂါကို ကူးစက်ခံလိုက်ရသူဖြစ်ပါတယ်။ သူဟာ ကိုဗစ်ရောဂါပျောက်ကင်းဖို့အတွက် ဆေးကုသမှုခံယူနေရတဲ့အချိန်မှာ သေခြင်းတရားနဲ့ အနီးဆုံးဖြစ်ခဲ့ရတဲ့ အတွေ့အကြုံတွေကို Duwun ကနေ ပြောပြခဲ့ပါတယ်။
“ ကိုဗစ်မှာကလည်း တစ်ယောက်ပြီး တစ်ယောက် သေနေကြတာလေ။ ပထမကလည်း သေသွားပြန်ပြီဆိုရင် ဟာ… ငါတို့လည်း ပါဦးမှာပဲ ဆိုပြီးတော့ တွေးမိတယ်။ ကိုယ်က ကုတင်နံပတ် ၃ ဒါပေမယ့် ကုတင်နံပတ် ၁ နဲ့ ၂ ကချည်းသေနေတာဆိုတော့ သေခြင်းတရားနဲ့ နီးနီးလေးပေါ့နော်။ ငါ့သားသမီးတွေနဲ့ ငါ မတွေ့ရတော့ဘူးလား၊ သူတို့ကလည်း ငါ့တို့ မတွေ့ရတော့ဘူးလား ဆိုတာတွေ တွေးမိပြီး ရင်ထဲမှာလည်း တော်တော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ မတတ်နိုင်ဘူး အခုတော့ သေရွာပြန်သဘောပေါ့လေ။ ဘာကြောင့်လဲဆိုတော့ အသက်အရွယ်အားဖြင့်ကလည်း သေနိုင်တဲ့ အထဲမှာ ပါတယ်၊ ရောဂါအခံတွေကလည်းရှိတော့တော်တော်လေး ဂရုစိုက်လိုက်ရတယ်”လို့ သူက ဆိုပါတယ်။
ဦးမိုးဒီဟာ ကိုဗစ်ရောဂါကို နိုဝင်ဘာလ ၂၂ ရက်နေ့တုန်းက ကူးစက်ခံခဲ့ရပြီး ဧရာဝတီစင်တာမှာ ဆေးကုသမှု ခံယူခဲ့ကာ ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ကင်းစင်ခဲ့တာပါ။ ရောဂါအခံရှိသူဖြစ်တာကြောင့် အိမ်ပြန်မရောက်တော့ဘူးဆိုတဲ့အထိ တွေးမိခဲ့တယ်လို့ ပြောပါတယ်။
“ကိုယ်ရောက်သွားတဲ့ အဆောင်က မိုးလင်းမှန်းမသိ၊ မိုးချုပ်မှန်းမသိ နေ့တွေ ညတွေလည်း ပျောက်နေတာပေါ့။ ရောက်ရောက်ချင်း (၈) ရက်လောက်က သတိတွေ လစ်သွားတာ ဘယ်လို ဖြစ်မှန်းလည်း မသိဘူး။ ဘုရားရှိခိုး၊ ပုတီးစိပ်တာတောင်မှ ဂုဏ်တော်(၉) ပါးတောင် မေ့သွားတာ။ ဘာကို စိပ်ရမှန်း မသိဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း အိမ်ပြန်မရောက်တော့ဘူးလို့တောင် ထင်တာ။ ကိုယ်နေရတဲ့အဆောင်က စိတ်ချရတဲ့ သက်ကြီးများ ထားတဲ့အဆောင်၊ ဘဘကလည်း ရောဂါ အခံတွေရှိတယ်၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်အား နည်းတာတွေရှိတယ် ဒါတွေက ကိုဗစ်အကြိုက်တွေလေ။ တစ်ခါတလေ အိပ်မက်တွေ မက်လို့မက်” ဆိုပြီးတော့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။
Photo: Moe De
မိုးဒီကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် အငြိမ့်၊ ပြဇာတ် တွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာပါ။ အဲဒီနောက် ဇာတ်ကားတွေလည်း ရိုက်ကူးလာခဲ့ရပါတယ်။ တီဗီကြော်ငြာတွေလည်း အများကြီး ရိုက်ကူးထားသူတစ်ယောက်ပါ။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်ပါတယ်။ သူဟာ ၂၀၀၇ ခုနှစ်တုန်းက ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီထူးချွန်ဆု ပေးပွဲမှာ "ကိုးဆယ်ဆသာလိမ့်မယ်" ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိပိုင်ဆိုင်ခဲ့သူပါ။