ပရိသတ်ရဲ့အချစ်ကို အခိုင်အမာရရှိလာပြီဖြစ်တဲ့ G ဟာ အနုပညာလောကမှာ သရုပ်ဆောင် တစ်ယောက်ဖြစ်လာမှာလားဆိုတဲ့အပေါ် သူ့ရဲ့ သဘောထားကို ပြောပြလာခဲ့ပါတယ်။
Photo: D&C
G ကတော့ အနုပညာနဲ့ ပတ်သက်လာရင် ဂီတဘက်ကို ပိုပြီး အားသန်တဲ့ တက်သစ်စ လူငယ် အဆိုတော် တစ်ဦးဖြစ်ပါတယ်။ အနုပညာရှင်တွေက အဆိုတော်နဲ့ သရုပ်ဆောင်အလုပ်ကို တွဲဖက်လုပ်ဆောင်ကြတာ များတာကြောင့် G ရော သရုပ်ဆောင်ဘက်ကို ပြောင်းဖို့ စိတ်ကူးရှိ မရှိဆိုတာကို Duwun က မေးမြန်းဖြစ်ခဲ့တာပါ။
“ အခုချိန်မှာ ကြော်ငြာရိုက်နေရတာက များတယ်။ ညီမက သရုပ်ဆောင် မလုပ်ချင်ဘူး ဘာကြောင့်လည်းဆိုတော့ ကြော်ငြာ ဗီဒီယိုရိုက်တာ တောင် တိုင်ပတ်တယ်။ ဓာတ်ပုံရိုက်တာတောင်မှ ပဲမများတတ်တော့ ရုပ်ရှင်ရိုက်ဖို့ကလည်း ဟန်လည်းမဆောင်တတ်၊ သရုပ်လည်း မဆောင်တတ်တော့ ညီမကို ကမ်းလှမ်းလာကြမှာ မဟုတ်ဘူးလို့ထင်ပါတယ်” လို့ သူက ဖြေဆိုပေးခဲ့ပါတယ်။
Photo: D&C
လက်ရှိမှာတော့ G ဟာ ကြော်ငြာရိုက်ကူးရေးတွေ လုပ်နေရတဲ့ အပေါ် သူ့ရဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြလာပါသေးတယ်။
“ ကိုယ်က မိတ်ကပ်လိမ်းရတာကို သိပ်မကြိုက်တဲ့ Type ဆိုတော့ နေရခက်တာပေါ့လေ။ အချိန်နည်းနည်း ကုန်တာကိုလည်း သိပ်မကြိုက်ဘူး ဒါပေမယ့် တကယ်အလုပ်လုပ်နေတဲ့ အချိန်မှာတော့ စေတနာပါပါ လုပ်တယ်။ ညီမက ပရဟိတအလုပ်ကို တစ်သက်လုံး လုပ်ချင်တာ။ ညီမက အနုပညာလောကထဲကိုလည်း ဘယ်လိုဖြစ်ပြီး ရောက်လာတယ်တောင် မသိတော့ဘူး အဆိုပြိုင်ပွဲ ဝင်ပြိုင်တယ်၊ သီချင်းတွေလည်း အများကြီး မဆိုရသေးပဲ တခြားအလုပ်တွေ လုပ်နေရတယ်။ ကိုယ်တိုင်လည်း ပိုက်ဆံရှာချင်တဲ့အတွက် ဒီအလုပ်တွေ လုပ်နေတာပါ” လို့ ဆိုပါတယ်။
Photo: Amzaing Grace
G ကတော့ အဆိုတော် သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမအရင်းဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ရွှေနန်းတော် ရဲ့ တစ်ဦးတည်းသော သမီးဆိုလည်း မမှားပါဘူး။ ဂီတကို ဝါသနာကြီးသူဖြစ်တာကြောင့် The Voice Myanmar (Season-3) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး The Knockouts (Week 12) အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ပရဟိတအလုပ်တွေ လုပ်ရင်း Single Song လေးတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။