ဝတ်မှုန်ရွှေရည်ဟာ နှစ်သစ်ကုသိုလ်အဖြစ် တရားစခန်းဝင်ရင်း ဘုရားစေတီ ကုသိုလ်အလှူလေးတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။
Photo: Wutt Mhone Shwe Yi
အကယ်ဒမီ ဝတ်မှုန်ရွှေရည်ကတော့ နှစ်သစ်ကုသိုလ်လေးအဖြစ် အောင်ဇဗ္ဗူတောရကျောင်းမှာ တရားစခန်းဝင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီ တရားစခန်းမှာ ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကို သူမရဲ့ ပရိသတ်တွေ အတွက် မျှဝေခဲ့ပါတယ်။
" နှစ်သစ်ကူး အလှူအနေနဲ့ (၃) ရက်တရားစခန်းလေး ဝင်ဖြစ်ပါတယ်။ ကစ်ရဲ့ ပျော်ရွှင်ခြင်း အချိန်အစစ်မှန်ဆို တာ ကုသိုလ်ကောင်းမှု လုပ်ပြီး တရားစခန်း ဝင်တဲ့ စိတ်ငြိမ်းအေးမှုကို ခံစားရတဲ့အချိန်ပါပဲ။ ပထမအကြိမ် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ရေဦးမြို့မှာ စေတီတစ်ဆူလှူဒါန်းခဲ့ပြီး အခု ဒုတိယ အကြိမ်မြောက် အောင်ဇမ္ဗူဆရာတော်ဘုရားကြီးရဲ့ လမ်းညွှန်စောင့်ရှောက်မှုကို ခံယူပြီး မန်လည်မှာရှိတဲ့ အလောင်းစည်သူမင်း တည်ထားခဲ့တဲ့ဘုရားအဆူ (၄၀)ထဲက တစ်ဆူကို ပြန်လည်ပြုပြင် ကုသိုလ်ယူခွင့်ရတဲ့အတွက် ကြည်နူးပီတိ အထူး ဖြစ်ရပါတယ်။ဘုရားလှူရတဲ့ကောင်းမှု အားလုံးနဲ့ ဒီ (၃)ရက် အဓိဌာန်က ရလာတဲ့ ကောင်းမှု အားလုံးကို (၇)ရက်သားသမီးများ အားလုံး ရကြပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ အေးချမ်းကြပါစေ" ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Wutt Mhone Shwe Yi
ဝတ်မှုန်ရွှေရည်ရဲ့ ကုသိုလ်အလှူလေးအတွက် ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမဟာ လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကာလမှာ စားဝတ်နေရေး အခက်အခဲ ကြုံနေရသူတွေအတွက် စားနပ်ရိက္ခာ အလှူတွေ၊ Covid ကာကွယ်ရေး ပစ္စည်းတွေ လိုက်လံ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဝတ်မှုန်ရွှေရည်က သူမရဲ့ မွေးနေ့တိုင်းကိုလည်း အလှူအတန်းတွေ လုပ်ရင်း ဖြတ်သန်းတတ်သူ ဖြစ်ပါတယ်။
Photo: Wutt Mhone Shwe Yi
ဝတ်မှုံရွှေရည်ဟာ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ ခုနှစ်က "နင်စေရင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ " နှလုံးသားနဲ့ပြုလုပ်သည်" ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံက ချီးမြှင့်တဲ့ ရုပ်ရှင်ဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး အမေရိကန်အခြေစိုက် နာမည်ကြီး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Forbes မဂ္ဂဇင်းက ထုတ်ပြန်လိုက်တဲ့ Top 100 Asia's Digital Stars စာရင်းထဲမှာကမ္ဘာကျော် အနုပညာရှင်တွေနဲ့အတူ မြန်မာနိုင်ငံက ထိပ်တန်းအနုပညာရှင်အဖြစ်နဲ့လည်း ပါဝင်ခဲ့ဖူးပါတယ်။