ပြည်ခိုင်ဖြိုးပါတီက (၂၀၁၀-၁၅) ကာလအတွင်း ပြည်သူ့ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ အစိုးရတစ်ရပ်အဖြစ် တိုင်းပြည်ကို တာဝန်ယူခဲ့ဟုဆို

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဟာ အစိုးရအဖြစ်တာဝန်ယူခဲ့စဉ်ကာလအတွင်း NLD ခေါင်းဆောင်တွေကို အကျယ်ချုပ်ကနေလွှတ်ပြီး ပါတီမှတ်ပုံတင်ခွင့်ပေးခဲ့ကာ လွှတ်တော်ထဲဝင်ဖို့ စည်းရုံးခဲ့တဲ့ ပါတီဖြစ်တယ်လို့ ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ (၁၀) ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ (၂၀၂၀) အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ (၂၀၁၀-၁၅) ခုနှစ်ကာလအတွင်း ပြည်သူ့ဆန္ဒနဲ့အညီရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ အစိုးရတစ်ရပ်အဖြစ် တိုင်းပြည်ကို တာဝန်ယူခဲ့တဲ့ပါတီဖြစ်ကြောင်း အများပြည်သူကို အသိပေးလိုပြီး နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွားအတွက် နောင် တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ အားလုံးပူးပေါင်းဆောင်ရွက်နိုင်အောင် သဘောထားကြီးကြီးနဲ့ ဒီအခင်းအကျင်းထဲရောက်အောင် ကြိုးစားဆောင်ရွက်ခဲ့တဲ့ ပါတီဖြစ်တယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ဆိုပါတယ်။



“ အဲဒီအချိန်တုန်းက နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် နောင်တိုင်းပြည်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ အားလုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် ကျွန်တော်တို့ သဘောထားကြီးစွာနဲ့ ဒီကနေ့ အစိုးရဖြစ်နေတဲ့ NLD ခေါင်းဆောင်တွေကို အကျယ်ချုပ်ကနေ လွှတ်၊ ပါတီမှတ်ပုံတင်ခွင့်ပေးပြီးတော့မှ လွှတ်တော်ထဲမဝင်ပါဘူးဆိုတာတောင် လွှတ်တော်ထဲဝင်ဖို့ စည်းရုံးပြီးတော့ ဒီနိုင်ငံရဲ့ အကျိုးစီးပွားအတွက်အတူတကွပူးပေါင်းလက်တွဲဆောင်ရွက်ကြရအောင်ပါဆိုပြီးတော့ သဘောထားကြီးကြီးနဲ့ ဒီအခင်းအကျင်းထဲကို ရောက်အောင်ကြိုးစားဆောင်ရွက်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။” လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

ဒါ့အပြင် (၂၀၁၅) ရွေးကောက်ပွဲကာလတုန်းကလည်း ပြည်ခိုင်ဖြိုးပါတီ အစိုးရ သမ္မတဦးသိန်းစိန် ရွေးချယ်ခန့်အပ်တာဝန်ပေးထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တရားမျှတမှုမရှိ၊ ဘက်လိုက်နေပါတယ်ဆိုပြီး လက်ရှိ နိုင်ငံတော် အကြီးအကဲ ပုဂ္ဂိုလ်ကိုယ်တိုင် အစည်းအဝေးတစ်ခုမှာ ထုတ်ဖော်ပြောခဲ့တာရှိတယ်လို့ ဒေါက်တာနန္ဒာလှမြင့်က ဆက်ပြောပါတယ်။

ဒါပေမယ့် ဦးတင်အေး ဦးဆောင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘာမှ တုံ့ပြန်ပြောဆိုခြင်းမရှိခဲ့ဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျင်းပပေးခဲ့ကြောင်း၊ ပြည်သူ့ဆန္ဒနဲ့ အညီထွက်ပေါ်လာတဲ့ ရလဒ်အတိုင်းပဲ ပြည်ခိုင်ဖြိုးအစိုးရအနေနဲ့လည်းလုပ်ငန်းစဉ်၊ ဘက်ဂျက် စတဲ့ လုပ်ငန်းတွေကို စနစ်တကျနဲ့ ဒီကနေ့ NLD အစိုးရကို ပြည်ခိုင်ဖြိုးအစိုးရက အာဏာ၊ နိုင်ငံတာဝန်တွေ လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“ ပြည်သူ့ရဲ့ အဆုံးအဖြတ်အတိုင်းပဲ ကျွန်တော်တို့ နာခံကြရပါမယ်။ဒါကို နားလည်တယ်။ ဒီယဉ်ကျေးမှုကိုလည်း ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီက စတင်ပြီး လမ်းကြောင်းပေါ်တင်ပြီး စီမံပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အာဏာကို ငမ်းငမ်းတက် ရယူစရာအကြောင်းလည်းမရှိဘူး။ အာဏာမရလို့ ခံစားနေရစရာ အကြောင်းလည်းမရှိဘူး” လို့ ဒေါက်တာနန္ဒာလှမြင့်ကဆိုပါတယ်။

လက်ရှိ (၂၀၂၀) ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး ပြည်သူ့ဆန္ဒတွေကို ပြည်ခိုင်ဖြိုးပါတီက လက်ခံပြီး မဲသမာမှု၊ မဲမရိုးသားမှုတွေကိုသာ ထောက်ပြပြောဆိုခြင်းသာဖြစ်တယ်လို့လည်း ဇန်နဝါရီ(၁၀) ရက်က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာနန္ဒာလှမြင့်က ရှင်းလင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က