ကိုဗစ်ကာလမှာ တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင်ပါတဲ့။

ရဲနောင် ကတော့ ကိုဗစ်ကြောင့် အလုပ်တွေနားနေရတဲ့အချိန်မှာ သူတတ်ကျွမ်းတဲ့ ဂီတအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ အတွေ့အကြုံကို ပြောပြလာပါတယ်။ 

Photo: YP



Myanmar idol (Season-2) ရဲ့ သီချင်းဆိုပြိုင်ပွဲဝင်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ရဲနောင်ဟာ အခုဆိုရင် ဂီတလောကထဲကို တဖြည်းဖြည်းလျှောက်လှမ်းလာပြီဖြစ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကြောင့် ဖျော်ဖြေပွဲတွေ မသွားရတဲ့ အချိန်မှာ ဂီတနဲ့ ပတ်သက်ပြီး ဝင်ငွေရတဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်နေတယ်လို့ Duwun ကို ပြောပါတယ်။ 

“ အခု ကိုဗစ်ဝင်လာတဲ့ အချိန်မှာ ဝင်ငွေလည်း မရှိတော့ တခြား ဝင်ငွေရမယ့် နည်းလမ်းလေးကို စဉ်းစားတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ အနုပညာအလုပ်ကိုလည်း မထိခိုက်အောင် Music နဲ့ သက်ဆိုင်တဲ့ အလုပ်တစ်ခုကို ကျွန်တော် လိုက်စဉ်းစားတယ်။ ဒီတော့ You Tube မှာ ဂစ်တာတီးသင်တဲ့ ဗီဒီယိုဖိုင်လေးတွေ ကျွန်တော် တင်ဖြစ်တယ် အဲဒီကနေ ဝင်ငွေရတယ်၊ တစ်ပတ်ကို ၁၀ ဒေါ်လာ၊ ၁၅ ဒေါ်လာလောက်ဝင်တယ်။ ဒါကြောင့် ဒါကို Role တစ်ခုအနေနဲ့ ကြိုးစားမယ်။ ရေရှည်လမ်းကြောင်းအနေနဲ့ ဝင်ငွေရှာဖို့ နည်းလမ်း (၃) ခုလောက် လုပ်ထားတယ်” လို့ သူကဆိုပါတယ်။ 

Photo: Ye Naung

ရဲနောင်ဟာ ဂစ်တာတီးသင်နည်းကို ကောင်းကောင်း ပြောပြနိုင်တဲ့သူဖြစ်အောင်လည်း လေ့လာနေတယ်လို့ ဆိုပါတယ်။ 

“ ဂစ်တာနဲ့ ပတ်သက်ပြီးတော့ Pro မဖြစ်သေးပါဘူး။ ဂစ်တာလုံးဝ မတီးတတ်သေးတဲ့ သူတွေထက်စာရင်တော့ ကျွန်တော်က နည်းနည်းလေး ပိုတီးနိုင်တယ် ဆိုပေမယ့် သင်ပြပေးနိုင်တဲ့ ဆရာတစ်ယောက်လို ကျွမ်းကျင်ဖို့တော့ လေ့လာရဦးမှာပါ။ ကျွန်တော်က အဆိုတော် တစ်ယောက် ဖြစ်တော့ သီချင်းဆိုတဲ့ အပိုင်းကိုပဲ သိတယ်။ ဂစ်တာနဲ့ ပတ်သက်ပြီး သူများကို ပြန်သင်ပေးနိုင်ဖို့ အတွက်တော့ ကျွန်တော် အများကြီး ကြိုးစားဖို့ လိုပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်မယ်လို့လည်း ထင်ပါတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

 

Photo: Ye Naung

ရဲနောင်ကိုတော့ ပရိသတ်တွေက Myanmar idol သီချင်းဆိုပြိုင်ပွဲဝင်တစ်ဦးအဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်မှာ “ချာလီ” လို့ နာမည်ပေးထားတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေကို ထွက်ရှိနိုင်ခဲ့သူပါ။ အဲဒီနောက်မှာတော့ “သိပ်ချစ်လို့” ၊ “ရိုးမြေကျ” စတဲ့ Single Song လေးတွေ ထွက်ရှိထားပါသေးတယ်။ သူဟာ ကိုဗစ်မဖြစ်ပွားခင်က ဂီတဖျော်ဖြေပွဲတွေလည်း သွားရောက် သီဆိုနေရသူဖြစ်ပြီး ဒုတိယမြောက် အခွေထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က