ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေဟာ ကော်မရှင်က ဆောင်ရွက်ရမှာဖြစ်လို့ အထူးအစည်းအဝေးခေါ်ယူဖို့ မရှိဘူးလို့ ထုတ်ပြန်ခဲ့တာပါ။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးသောင်းအေးအပါအဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၃)ဦး ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၀)ဦး နဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၁၆၀) တို့တောင်းဆိုထားတဲ့ လွှတ်တော်အထူးအစည်းဝေးကို ကျင်းပရန်မရှိဘူးလို့ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်က ကိုဗစ်-၁၉ကူးစက်ရောဂါဖြစ်ပွားနေသလို ဒုတိယအကြိမ်လွှတ်တော်သက်တမ်းက ရက်၂၀သာ ကျန်ရှိတယ်လို့သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေအရ အထူးအစည်းအဝေးကို အနည်းဆုံး၁၅ရက်ကြိုတင်ဖိတ်ကြားရမှာဖြစ်လို့ အစည်းအဝေးကျင်းပချိန် ၃ရက်သာ ရရှိမှာဖြစ်ပြီး ဖွဲ့စည်း့ုအခြေခံဥပဒေအရ မဖြစ်မနေကျင်းပရမယ့် တတိယအကြိမ်လွှတ်တော်များရဲ့ ပထမပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၁ရက်မှာ ကျင်းပဖို့ ခေါ်ယူထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၄နဲ့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၁၇တို့ကို ရည်ညွှန်းပြီး လွှတ်တော်အထူးအစည်းဝေးကို တောင်းဆိုထားပေမယ့်လည်း အစည်းအဝေး ကျင်းပဖို့အတွက် အခြေခံဥပဒေပုဒ်မ ၈၁ပါ ပြဋ္ဌာန်းချက်တွေနဲ့ ညီညွတ်ဖို့က အဓိက အချက်ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ခဲ့ပါတယ်။

ကိုယ်စားလှယ်တွေက  ၂၀၂၀ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲဆိုင်ရာ တိုင်ကြား၊ကန့်ကွက်မှုတွေအတွက် စုပေါင်းတိုင်ပင်အဖြေရှာဖို့တောင်းဆိုတာဖြစ်လို့ ဒီကိစ္စရပ်တွေက ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်၊သဘောတူညီချက်၊အတည်ပြုချက် ရယူရမယ့်ကိစ္စမဟုတ်ခြင်း ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဖြစ်လို့ အထူးအစည်းအဝေးခေါ်ယူပေးဖို့ မလိုဘူးလို့ လွှတ်တော်က ထုတ်ပြန်ခဲ့တာပါ။

လွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ ကိုယ်စားလှယ် (၂၀၃)ဦးက ဇန်နဝါရီလ ၁၁ရက်က တင်ပြတောင်းဆိုခဲ့တာဖြစ်ပြီး အစည်းအဝေးခေါ်ယူဖို့မရှိကြောင်း ပြည်ထောင်စုလွှတ်တော်က ဒီနေ့ ဇန်နဝါရီ ၁၂ရက်မှာ ပြန်လည်ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က