ဦးကျော်သူဟာ ဒီကနေ့မှာ ဈာပနလမ်းကြောင်းပို့ဆောင်ပေးရင်း လမ်းခုလတ်တစ်နေရာမှာ ယာဉ်တိုက်မှုဖြစ်စဉ် ကြုံခဲ့ရတဲ့အကြောင်း ပြောပြလာပါတယ်။
Photo: Kyaw Thu
ဒီနေ့ (ဇန်နဝါရီလ ၁၃ ရက်) မှာ နာရေးကူညီမှုအသင်းရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူ ဦးကျော်သူဟာ ဈာပနလမ်းကြောင်း ပို့ဆောင်ရင်း လမ်းပေါ်မှာ ယာဉ် ငါးစီးဆင့်တိုက်မှုဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒီကနေ့ ဖြစ်စဉ်ကိုတော့ ဦးကျော်သူက အခုလို ပြောပြခဲ့ပါတယ်။
" ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်သော်ငြား ဘာမှ မပူပါနဲ့။ ဘာမှ မဖြစ်ဘူး။ ဗုဒ္ဓဘုရား နှလုံးသား မှာရှိတယ်။ ဘုန်းဘုန်းဘုရား လည်မှာဆွဲထားတယ်။ ယနေ့ နာရေးကူညီမှုလမ်းကြောင်းရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ပင်မကားများရှင်းပါက တစ်ဖက်လမ်းသို့ ကူးရန်အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနှင့် လိုက်ထရပ်ကားအား နောက်မှ အဝေးပြေးခရီးသယ်တင်ကားတစ်စီးမှ တိုက်လိုက်၍ရှေ့ဆုံးတွင်ရပ်နေသော ကားမှာတစ်ဆင့်ချင်းတိုက်ခံရပြီး ကျွန်တော်မောင်းလာသည့် နာရေးနိဗ္ဗာန်ယာဉ်အား ရှေ့ဘေးမှ ဆောင့်တိုက် လိုက်၍ မိမိမှရှောင်လိုက် သော်လည်း မိမိ၏ ညာဖက်ရှိ ဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဖက် ကိုမိမိမှတစ်ဆင့်တိုက်မိတော့သည်" ဆိုပြီးတော့ ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ (၅) နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Kyaw Thu
ယာဉ်တိုက်မှုဖြစ်ခဲ့တဲ့ သတင်းကြောင့် နာရေးကူညီမှုအသင်းသူ၊ အသင်းသားတွေသာမက ပရိသတ်တွေကလည်း ဦးကျော်သူအတွက် စိုးရိမ်စိတ်တွေ များခဲ့ကြပါတယ်။ ဒါပေမယ့် ဦးကျော်သူဟာ သူအပါအဝင် ယာဉ်ပေါ်ပါလာတဲ့ ဘဝကူးသွားပြီဖြစ်တဲ့ ရုပ်ခန္ဓာနဲ့ နောက်ထပ် လူတွေလည်း ထိခိုက်မှု မရှိခဲ့တာကြောင့် ဈာပနလမ်းကြောင်းကို အဆင်ပြေပြေ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။
" လူများဘာမျှမဖြစ်သော်လည်း တိုက်ခံရသည့်ကားငယ်(ရှေ့/နောက်)၊ လိုက်ထရပ်(ရှေ့/နောက်)၊ နာကူယာဉ် ရှေ့(ဘယ်/ညာ) ၊ဘတ်စ်ကားကြီး(နောက်ဖက်ဘယ်ဖက်ခြမ်း ပွန်း)အသီးသီးထိသွားခဲ့သည်။ ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်ခံရသည့်ဖြစ်ရပ်ပင်ဖြစ်တော့သည်။ မိမိမှ လမ်းမှန်၊ပုံမှန်မောင်းသော်ငြား တစ်ဖက်မှ အန္တရာယ်သည် မည်ကဲ့သို့လာ မည်ကို အထူးသတိထားရန် အသိတရား တစ်ခုရှိခဲ့ရသည်။ နိဗ္ဗာန်ယာဉ်ပေါ် ပါလာသော ဘဝကူးသွားသည့်ရုပ်ခန္ဓာအား အသင်းမှ နိဗ္ဗာန်ယာဉ် တစ်စီးအား အမြန်ခေါ်၍ ဘော်ဒီအားပြောင်းရွှေ့ကာ ရေဝေးသုဿန်သို့ပို့ဆောင်သင်္ဂြိုလ်ပေးမှုအား တာဝန်မပျက်၊တာဝန်ကြေစွာ လုပ်ဆောင်ပေးခဲ့ပါသည်" လို့ ဆိုပါတယ်။
Photo: Kyaw Thu
ဦးကျော်သူဟာ နှလုံးခွဲစိတ်ခံထားရသူဖြစ်သလို နောက်ထပ် ရောဂါအခံတွေ ရှိသူဖြစ်တာကြောင့် နာရေးကူညီမှုအသင်း ( သုခဆေးခန်း) မှ တာဝန်ရှိသူများကလည်း ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပေးခဲ့ကြသေးတယ်လို့ ပြောပါတယ်။
" အသင်းသို့ ပြန်အရောက် သုခဆေးခန်းမှတာဝန်ရှိသူများမှ အတင်းခေါ်ဆောင်၍ မိမိအား အာထရာဆောင်းစက်ဖြင့် မိမိ၏နှလုံးအားစစ်ဆေးပါတော့သည်။သွေးပေါင်ချိန်ဖြင့်ချိန်ပါတော့သည်။
Photo: Kyaw Thu
ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။
Share