အုန်းသီးဟာ ဘုရားမှာအမြဲတောင်းနေကြဆု ဖြစ်တဲ့ “သတ္တဝါတွေကို ကယ်ပြီးတော့ မရှိသူဆင်းရဲတွေကို ပေးကမ်းတဲ့သူဖြစ်ရပါလို၏” ဆိုတဲ့ ဆုတောင်းကြောင့် သတ္တဝါတွေရဲ့ အသက်ကို ကယ်တင်နေတယ်လို့ ဆိုပါတယ်။
Photo: Ohnn Thee
ပရိသတ်တွေကို ရယ်မောစရာပြက်လုံးတွေနဲ့ အမြဲတမ်း ဖျော်ဖြေလေ့ရှိတဲ့ အုန်းသီးကတော့ အခုချိန်မှာ လူတွေရဲ့ အသက်ကို ကယ်တင်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါဟာ ဇာလီတောင် ဆရာတော်ကြီးရဲ့ မေတ္တာကြောင့် အခုလို ကယ်ခွင့်ရနေတာလို့လည်း သူက ပြောပါတယ်။
“ ဇာလီတောင် ဆိုတာ ရှိတယ် အဲဒီက ဆရာတော်ဘုရားကြီးက လူတွေ အများကြီး ကြားထဲမှာ တစ်ယောက်တည်းကို ခေါ်ပြီးတော့ မင်းကို ဒီနေ့က စပြီးတော့ ပျောက်စေ “ စေ” တစ်လုံးပိုင် ပေးမယ်ဆိုပြီးတော့ မိုးကြိုးသွားတွေနဲ့ ကျောကုန်းကို ထုတယ်၊ ပျောက်စေ အော်စမ်း ဆိုပြီးတော့ပေါ့။ ပြီးလည်း ပြီးသွားရော ပရိတ်စိလေး တစ်ခုပေးတယ်။ မင်း သတ္တဝါတွေကို ကယ်တော့ ဆိုပြီးတော့ ဆရာတော်ကြီးရဲ့ မေတ္တာတွေနဲ့ သတ္တဝါတွေကို လိုက်ကယ်ပါတယ်။ အခုချိန်ထိ ကိုယ် ကယ်လိုက်တဲ့ သူတွေဆီက ပိုက်ဆံတစ်ပြားမှလည်း မစားခဲ့ဖူးဘူး အဲဒီ သစ္စာနဲ့ အလုပ် လုပ်ပါတယ်” လို့ Duwun ကို ပြောခဲ့ပါတယ်။
Photo: Ohnn Thee
အုန်းသီးဟာ အခုဆိုရင် သူ့ရဲ့ အနုပညာ ညီအစ်ကိုတွေသာမက ရပ်ကွက်မှာ အတူတူနေထိုင်တဲ့ ပတ်ဝန်းကျင်က လူတွေရဲ့ အသက်ကိုပါ ကယ်ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူကိုယ်တိုင်ကလည်း အသက်(၅၃) နှစ်အရွယ်မှာ ပရိသတ်တွေကို နှုတ်ဆက်သွားရမှာလို့လည်း ပြောခဲ့ပါသေးတယ်။
“ ဦး အုန်းသီး လူတော်တော်များများကို ကယ်ဖူးပါတယ်။ ကိုယ်နေတဲ့ ရပ်ကွက်မှာရော၊ ဦးနဲ့ ပတ်သက်တဲ့ လူတော်တော်များများကိုရော ကယ်ဖူးတယ်။ မှတ်မှတ်ရရ ဆေးရုံမှာ အသက်ကယ်ဆေး(၂) လုံး ထိုးထားတဲ့ အမေကြီးတစ်ယောက်ပေါ့ အဲဒါက ဦးရဲ့ တပည့်အရင်းရဲ့ အမေပါ။ မင်းအမေကို အိမ်ခေါ်သွားလို့ရတယ် လမ်းမှာ သေသွားရင် ငါ့ကို ဓားနဲ့ခုတ်သတ် ဆိုပြီးပြောတာ။ ဒါပေမယ့် ငါပြောတဲ့ ယတြာအတိုင်းလုပ်၊ ငါပြောတဲ့ လမ်းကြောင်းအတိုင်းသွားပြီ။ အဲဒီလိုနဲ့ အခုဆိုရင် အဲဒီအမေကြီးက အသက်(၆၆) နှစ်ကနေ အသက်(၆၉) နှစ်ရှိပြီ။ ဦး ကယ်ထားတာ အခုဆို (၃) နှစ်ရှိပြီ။ လွန်ခဲ့တဲ့ ၃ နှစ်က သူ လုံးဝ လမ်းမလျှောက်နိုင်ဘူး အခုကျတော့ လမ်းတောင် လျှောက်နေပြီ။ ဦး အုန်းသီးကိုယ်တိုင်ကလည်း ဘုရားမှာ ဆု တစ်ဆုပဲ တောင်းတယ် သတ္တဝါတွေကို ကယ်ပြီးတော့ မရှိသူဆင်းရဲတွေကို ပေးကမ်းတဲ့သူဖြစ်ရပါလို၏ လို့ဆုတောင်းတယ်။ အခု အသက်(၅၀) ထဲဝင်တော့မယ် ဘယ်အချိန် ကိုယ်တွေ သွားရတော့မလဲ မသိဘူး ဒါပေမယ့် ဦး မှန်းထားတယ်။ အသက်(၅၃) နှစ်ရောက်ရင် ဦးအုန်းသီး သေလိမ့်မယ်။ ကိုယ့်ဘာသာကိုယ် တွက်ပြီးသားပါ။ နေရာတကာတိုင်းလည်း မမှန်တတ်ဘူးကွာ” လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: Ohnn Thee
လက်ရှိမှာတော့ လူရွှင်တော် အုန်းသီးဟာ လူရွှင်တော်အသင်းရဲ့ ဒုဥက္ကဌ ရာထူးနဲ့ တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် သက်ကြီးလူရွှင်တော်တွေအတွက် ဘိုးဘွားရိပ်သာ ဆောက်လုပ်ရေး လုပ်ငန်းတွေ အပြင် နောက်ထပ် ပရဟိတ လုပ်ငန်းတွေမှာလည်း လူရွှင်တော်အသင်း အဖွဲ့သားတွေနဲ့ အတူ အလှူအတန်းတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ (၁၀) စုနှစ် တစ်စုကိုကျော်လွန်လာခဲ့ပါပြီ။