ဒိန်းဒေါင်ကတော့ ပရဟိတအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေသူ ဖြစ်သလို သူ့ရဲ့ နာမည်သုံးပြီး ငွေတောင်းနေတဲ့ လူလိမ်တွေရှိတဲ့အကြောင်း ပြောပြလာပါတယ်။
Photo: Daing Daung
ဒိန်းဒေါင်ကတော့ သူ့ရဲ့ နာမည်ကို သုံးပြီး ပရိသတ်တွေဆီက ငွေကြေးတောင်းခံနေတဲ့ ဖြစ်ရပ်မျိုး ကြုံနေရတယ်လို့ ဆိုပါတယ်။ ပရဟိတအလုပ် လုပ်နေသူဖြစ်တာကြောင့် အခုလို လိမ်နေတာကို သိလိုက်ရတဲ့ အချိန်မှာ လက်ပိုက်ကြည့်မနေနိုင်တော့တဲ့အကြောင်း ပြောခဲ့ပါတယ်။
“ ကျွန်တော့်ကို အဘိုးကြီးတစ်ယောက်က ဖုန်းဆက်တယ် ရုပ်ရှင်မင်းသား မင်းသမီး ပုံတွေလည်းပါတယ်၊ ကိုဒိန်းဒေါင် ပုံလည်းပါတယ် သူ့ကိုပိုက်ဆံ (၃) သောင်းလွှဲခိုင်းလို့ လွှဲရမလား ဆိုပြီးတော့ မေးလာတယ် မလွှဲနဲ့ လိမ်နေတာလို့ ပြောရတယ်။ လှူနေတဲ့ လူက ဘယ့်နှယ် ပိုက်ဆံတောင်းမှာလဲလို့" ဆိုပြီးတော့ ဇန်နဝါရီလ ၁၄ ရက်နေ့က Duwun ကိုပြောပါတယ်။
Photo: Daing Daung
ဒိန်းဒေါင်ဟာ ကိုဗစ်ကာလကြောင့် စားဝတ်နေရေးတွေ အဆင်မပြေဖြစ်နေကြတဲ့ အချိန်မှာ လူအချင်းချင်း အခုလို လိမ်လည်နေတာ မဖြစ်သင့်ဘူးဆိုတာကိုလည်း ပြောခဲ့ပြန်ပါသေးတယ်။
" ပြည်သူကို လိမ်တယ်ဆိုတာ ကျွန်တော်တို့ကို လိမ်နေသလိုပါပဲ။ မယုံရင် တစ်ယောက်ပြီးတစ်ယောက် မိကြည့်လိုက် ယောက်ျား၊ မိန်းမ မရွေးဘူး တစ်ချက်တော့ မျက်နှာကို ရိုက်လိုက်ချင်တယ်။ လုပ်ရပ်လေခြင်းဆိုပြီးတော့ ဂရုဏာဒေါသနဲ့ လုပ်မိမှာ။ နောက်ပြဿနာ နောက်မှ ရှင်းပေါ့။ အခုချိန်မှာ လူတွေက အဆင်မပြေကြတော့ ထွက်လမ်းလေးတွေ ရှာကြတာ ဒီ ထွက်လမ်းကြောင့်ပဲ ကျွန်တော်လည်း ကူညီရပေါင်း မနည်းတော့ဘူး။ တချို့ဆိုရှိတယ် ငွေလွှဲလိုက်ရလို့ ထမင်းမစားရတော့ဘူး၊ အိမ်က ရိုက်တော့မယ် ဆိုတာတွေ နဲ့ တိတ်တိတ်ပုန်းပေးလိုက်ရပြန်တယ် ဒါက ကိုယ်နဲ့လည်း တကယ်တော့ ဘာမှ မဆိုင်ဘူး။ နောက်ဆိုရင် ကျွန်တော့် ပုံတွေ ယူသုံးတဲ့ သူတွေကို ကျွန်တော်လည်း ပြောတော့မယ်၊ ကြည့်မနေနိုင်တော့ဘူး” လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။
Photo: Daing Daung
ဟာသသရုပ်ဆောင် ဒိန်းဒေါင်က အခုလက်ရှိမှာ ကိုယ်ပိုင်ဇာတ်သဘင် တည်ထောင်ထားတာပေမယ့် Covid ကာလကြောင့် နယ်လှည့်ဖျော်ဖြေရေးတွေ ရပ်နားထားတယ်လို့ သိရပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပြီး အခုချိန်မှာ လူရွှင်တော် ဥက္ကဌ တစ်ဦး အနေနဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကာလ အလှူအတန်းတွေ လုပ်ဖို့အတွက် ချွန်တွန်း ပရဟိတအသင်းကိုလည်း တည်ထောင်ထားတာ ဖြစ်ပါတယ်။