အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူလာဝေစီပြည်နယ် (ဆူလာဝေစီကျွန်း) မှာ ဇန်နဝါရီ ၁၅ ရက် မနက်အစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၆.၂ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၈၁ ဦးအထိရှိလာကြောင်း ဘေးအန္တရာယ်ဆိုင်ရာဌာန (BNPB) က ယနေ့ (ဇန်နဝါရီ ၁၇ ရက်) ပြောပါတယ်။
(Photo: Reuters)
မုတ်သုန်မိုးသည်းထန်မှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း နှောင့်နှေးနေခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါငလျင်ကြောင့် လူ ၈၂၀ ကျော် ဒဏ်ရာရခဲ့ပြီး လူဦးရေ ၁၅,၀၀၀ ခန့် နေအိမ်စွန့်ခွာခဲ့ကြရကြောင်းလည်း သိရပါတယ်။ နေအိမ်စွန့်ခွာရသူအချို့ဟာ တောင်တန်းများပေါ်မှာ တက်ရောက်နေထိုင်ခဲ့ကြပြီး အခြားသူတွေကတော့ ယာယီခိုလှုံရေးစခန်းတွေမှာ ခိုလှုံနေထိုင်ခဲ့ကြပါတယ်။
ဆူလာဝေစီမှာ နောက်ထပ်ငလျင်လှုပ်မှုဟာ ဆူနာမီဖြစ်နိုင်တဲ့ အလားအလာရှိကြောင်း အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနဲ့ ဘူမိရူပဗေဒဆိုင်ရာဌာန (BMKG) အကြီးအကဲ Dwikorita Karnawati က ပြောခဲ့ပါတယ်။ ဇန်နဝါရီ ၁၅ ရက်နေ့ ငလျင်လှုပ်ခတ်ပြီးနောက် လူဦးရေ ၁၁၀,၀၀၀ ရှိတဲ့ အနောက်ဆူလာဝေစီပြည်နယ် Mamuju မြို့မှာ အဆောက်အအုံ အပျက်အစီးများအောက်မှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေခဲ့ကြပါတယ်။
(Photo: Reuters)
Mamuju မြို့မှာ ဆေးရုံတစ်ရုံနဲ့ ဈေးဝယ်စင်တာတစ်ခု ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူအများစုဟာ ထိုမြို့မှဖြစ်ပါတယ်။ အခြား သေဆုံးမှုတွေကတော့ Mamuju မြို့ရဲ့တောင်ဘက်ရှိ ဧရိယာမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေဆဲဖြစ်ပြီး အပျက်အစီးများအောက်မှာ နောက်ထပ် သေဆုံးသူ သို့မဟုတ် ပိတ်မိနေပြီး အသက်ရှင်နေသူ မည်မျှရှိကြောင်း အတိအကျ မသိနိုင်သေးပါဘူး။
အာဏာပိုင်တွေက ငလျင်အပျက်အစီးများအောက်မှ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သူ မည်မျှရှိခဲ့ကြောင်းကို ထုတ်ဖော်ပြောခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ငလျင်လှုပ်မှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးခဲ့ရသူတွေဟာ ၎င်းတို့ နေအိမ်တွေကို မပြန်နိုင်ကြသေးသလို နောက်ဆက်တွဲငလျင်တွေကြောင့် ဆူနာမီရေလှိုင်များ တက်ရောက်လာမှာကိုလည်း စိုးရိမ်ပူပန်နေကြပါတယ်။
(Photo: AP)
ပစိဖိတ်မီးကွင်းနေရာမှာ တည်ရှိနေတဲ့ အင်ဒိုနီးရှားဟာ ငလျင်လှုပ်မှုတွေ ပုံမှန်ကြုံရလေ့ရှိတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ရစ်ချ်တာစကေး ၆.၂ အဆင့်ရှိ ငလျင်လှုပ်ပြီးနောက် ဆူလာဝေစီရှိ ပါလူမြို့မှာ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ရာ လူဦးရေ ထောင်နဲ့ချီ သေဆုံးခဲ့ကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။
ယခုနှစ် ပထမဆုံး သီတင်းနှစ်ပတ်အတွင်းမှာလည်း ကမ္ဘာ့စတုတ္တမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ ဘေးအန္တရာယ်များ ကြုံတွေ့နေခဲ့ရပါတယ်။ မြောက်ပိုင်းဆူလာဝေစီနဲ့ တောင်ပိုင်းကာလီမန်တန် ပြည်နယ်တွေမှာ ရေကြီးမှုတွေကြောင့် အနည်းဆုံး လူငါးဦးစီ သေဆုံးခဲ့ပါတယ်။
(Photo: Reuters)
အနောက်ဂျာဗားပြည်နယ်မှာလည်း မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၉ ရက်နေ့မှာလည်း လူ၆၂ ဦး လိုက်ပါသွားတဲ့ အင်ဒိုနီးရှားလေကြောင်းလိုင်း Sriwijaya Air မှ ခရီးသည်တင်လေယာဥ်တစ်စီး ဂျာဗားပင်လယ်ပြင်အတွင်းသို့ ပျက်ကျခဲ့ကြောင်း သိရပါတယ်။