" ကျော်ကြီးတို့ ရပ်ကွက်" လို့ အမည်ပေးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။

ကိုဗစ်ကာလမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ဟာသအနုပညာရှင်တွေ အတွက် “ကျော်ကြီးတို့ ရပ်ကွက်” ဇာတ်လမ်းတွဲကို ရိုက်ကူးမယ့်အကြောင်းကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ပြောပါတယ်။ 

ကျော်ကြီးတို့ ရပ်ကွက် ဇာတ်လမ်းတွဲ ကန်တော့ပွဲကိုတော့ ဇန်နဝါရီလ ၁၇ ရက်နေ့ မနက် (၁၀) နာရီကျော်က ဒဂုံဆိပ်ကမ်းမှာရှိတဲ့ Myanandar Hall မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ဟာသအနုပညာရှင်တွေကို ဝင်ငွေရစေဖို့ ရည်ရွယ်ချက်နဲ့ ရိုက်ကူးမယ်လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက Duwun ကို ပြောပါတယ်။ 



“ ဒီဇာတ်ကားလေးရိုက်မယ့် ရည်ရွယ်ချက်က ကိုဗစ်ကာလမှာ စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ ဟာသအနုပညာရှင်တွေ အဆင်ပြေအောင်လို့ တစ်ဖက်တစ်လမ်းကနေပြီးတော့ ကူညီပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ရိုက်မယ့် ဇာတ်လမ်းတွဲပါ။ ပါဝင်တဲ့ အနုပညာရှင်တွေ ရိုက်ကူးရေးတွေနဲ့ ပတ်သက်ပြီး တစ်ပိုင်းပြီးတိုင်း တစ်ပိုင်း အောင်မြင်ရင် အောင်မြင်သလို ဆက်ရိုက်သွားမယ်။ အနုပညာကြေးကိုလည်း တစ်ရက်ရိုက်ရင် တစ်ရက်စာ အနုပညာကြေး၊ (၂) ရက်ရိုက်ရင် (၂) ရက်စာ အနုပညာကြေး ပေးမယ်။ သတ်မှတ်ထားတဲ့ ဘတ်ဂျက်တစ်ခုနဲ့ ရိုက်ကူးရေးကို ခွဲဝေသုံးစွဲသွားဖို့ စီစဉ်ထားတယ်” လို့ သူက ဆိုပါတယ်။ 

ကိုဗစ်ကြောင့် အနုပညာလောကသားတွေဟာ ၂၀၁၉ ခုနှစ် မတ်လ အစကတည်းက ရိုက်ကူးရေးတွေ ရပ်နားထားခဲ့တာ အခုချိန်အထိပါပဲ။ ဒါကြောင့် အလုပ်တွေ မလုပ်ရလို့ စိတ်ဓာတ်ကျနေမှာ စိုးရိမ်တယ်လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ဆိုပါတယ်။ 

“ အဓိက ကတော့ ကျွန်တော်တို့ရဲ့ ဟာသအနုပညာရှင်ပဲဖြစ်ဖြစ်၊ ဘယ်အနုပညာရှင်ပဲ ဖြစ်ဖြစ် အလုပ် လုပ်နေရတဲ့ အခါကျရင် သူတို့ရဲ့စိတ်ထဲမှာ ငါ အလုပ်လုပ်နေရပြီဆိုတဲ့ ခံစားချက်လေးရှိလာမယ် ဒါတွေကို တစ်ဖက်တစ်လမ်းက ခွန်အားပေးချင်တဲ့ရည်ရွယ်ချက်ရှိတယ်။ ဇာတ်လမ်းတွဲက ပရိသတ် အားပေးရင် အားပေးသလောက် ရိုက်သွားမှာဖြစ်သလို သူတို့တွေလည်း ဝင်ငွေရတာပေါ့လေ။ ဟာသ အနုပညာရှင်တွေ ရဲ့ ဆန် အပြည့် ဖြည့်ချင်တယ်။ ဆန်အိုးထဲမှာ ဆန်ရှိနေသ၍ ထမင်းစာတိုင်း ချက်စားလို့ ရစေချင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ကျော်ကြီးတို့ ရပ်ကွက် ဟာသဇာတ်လမ်းတွဲထဲမှာ ငှက်ပျောကြော်၊ ဂေါ်ဇီလာ၊ ဗေဒါ၊ ဝက်မ၊ ကောင်းစံ၊ တိမ်ညွှန့်၊ စိန်သီး၊ ပန်းသီး၊ ဇီးသီး၊ ကောင်းကျော်၊ ထက်ထက်၊ ဝိုင်းချစ်၊ စိစိ၊ ချစ်လူလူ၊ စိုပြေ၊ စံလင်း၊ ချစ်စု၊ ဒဲ့ဒိုး၊ ချက်ကြီး၊ ဖိုးသဲ၊ စူပါလင်း၊ သွက်လက်၊ ဂျက်လီ၊ ဝိုင်းဝိုင်းလည်၊ အိုကေ၊ ရွှေအိုး၊ ဒိုပေါက်၊ ဇောက်ထိုး၊ အာလူး၊ ဟားလေး၊ ရှိုင်းလေး၊ဝမ်းဒိုး၊ တေဇာ၊ ပေါ်လွင်၊ ဝါဂွမ်း၊ ပြုံးချို၊ ချစ်ပြုံး၊ ယုဇနနိုင်ဝင်း၊ စူပါ၊ အေးအေးခိုင်၊ အေးသီတာ၊ ကြူကြူသင်း၊ အိမ့်ကြာဖြူ၊ သူဇာပွင့်၊ ပိုးပိုး၊ ဇာခြည်လွင်၊ ဟေမာမန်းဝင်း၊ မလုံးတင်နဲ့ မသန်းသန်းဆင့် စတဲ့ ဟာသအနုပညာရှင်တွေ ပါဝင်သွားမှာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က