Samsung အတွက် ထိုးနှက်ချက် ဖြစ်လာပါတယ်

Samsung Group လုပ်ငန်းစုဆက်ခံသူ လီဂျေယောင်းကို လာဘ်ပေးမှုအရှုပ်တော်ပုံမှာ ပါဝင်မှုကြောင့် ထောင်ဒဏ် ၂ နှစ် ၆ လ ချမှတ်လိုက်ပါတယ်။

တောင်ကိုရီးယားနိုင်ငံ တရားရုံးချုပ်မှ အမိန့်ချမှတ်လိုက်တာ ဖြစ်တယ်လို့ The Verge သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကွယ်လွန်သွားတဲ့ Samsung ဥက္ကဌ လီကွန်ဟီးရဲ့ သားဖြစ်သူ လီဂျေယောင်းကို အနောက်နိုင်ငံမှာ ဂျေဝိုင်လီလို့လည်း လူသိများပါတယ်။ လီဂျေယောင်းဟာ Samsung တည်ထောင်သူ လီဗြောင်ချူးလ်ရဲ့ မြေးလည်း ဖြစ်ပါတယ်။ 



Photo: BBC

အဖြုတ်ချခံ သမ္မတဟောင်း ပတ်ဂွန်ဟေးလ်ပါဝင်တဲ့ အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှုမှာ လီဂျေယောင်းကို တရားရုံးက ၂၀၁၇ ခုနှစ်မှာ ထောင်ဒဏ် ၅ နှစ် ပထမဆုံးချခဲ့တာ ဖြစ်ပါတယ်။ လီဟာ သူ့ရဲ့ Samsung မှာ ရာထူးဆက်ခံမှုအပေါ် အစိုးရရဲ့ ထောက်ခံမှု ရဖို့ သမ္မတဟောင်း ပတ်ဂွန်ဟေးလ်ရဲ့ သူငယ်ချင်းကို မြင်းတွေနဲ့ တံစိုးလက်ဆောင်တွေ ပေးကြောင်း စွပ်စွဲခံထားရတာပါ။ 

လီဟာ နိုင်ငံရေး ကျောထောက်နောက်ခံရဖို့အတွက် သမ္မတပတ်ဂွန်ဟေးလ်ရဲ့ သူငယ်ချင်း ချိုင်ဆွန်းဆီတည်ထောင်ထားတဲ့ ဖောင်ဒေးရှင်းနှစ်ခုမှာလည်း ဝမ် ၄၃ ဘီလျံ (ဒေါ်လာ ၃၇.၇ သန်း) ထည့်ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ သူကတော့ လာဘ်ပေးမှု ၊ ထိန်ချန်မှုနဲ့ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှု ဖုံးကွယ်မှုအပါအဝင် စွပ်စွဲချက်အားလုံးကို ငြင်းဆန်ထားပါတယ်။ အမှုမှာ ပါခဲ့တဲ့ သမ္မတဟောင်းလည်း Samsung နဲ့ ဆက်စပ်နေတဲ့ လာဘ်ပေးလာဘ်ယူမှုအပါအဝင် တရားစွဲဆိုချက်အမျိုးမျိုးနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံထားရပါတယ်။ 

Photo: koreatimes


၂၀၁၉ မှာ အမှုပြန်စစ်ဆေးဖို့ အမိန့်မချခင် ထောင်ငါးနှစ်အနက် တစ်နှစ်ခန့် ကျခံရပြီးနောက် လီဂျေယောင်းဟာ လွတ်လာခဲ့တာ ဖြစ်ပါတယ်။ လီဂျေယောင်းဟာ ၂၀၁၄ ခုနှစ်ကတည်းက စပြီး Samsung Electronics ရဲ့ အကြီးအကဲအဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။ အခုလို ထောင်ဒဏ်ချမှတ်ခံရမှုကြောင့် လီဂျေယောင်းအနေနဲ့ Samsung ကုမ္ပဏီကိစ္စတွေမှာ ဆုံးဖြတ်ချက်ဝင်ချမှတ်နိုင်မှာ မဟုတ်ပါဘူး။ 

လက်ရှိမှာ Samsung ကို အကြီးတန်းအမှုဆောင်အရာရှိအဖွဲ့တစ်ဖွဲ့ကနေ ဦးဆောင်နေတာ ဖြစ်ပါတယ်။ လီဂျေယောင်း အနေနဲ့ ထောင်က လွတ်လာပြီးနောက် Samsung လုပ်ငန်းစုမှာ သူ့နေရာနဲ့ပတ်သက်လို့ ဂယက်ရိုက်ခတ်လာဖွယ်ရှိပါတယ်။ လောလောဆယ် သူထောင်ကျသွားတယ်ဆိုတဲ့ သတင်းတွေကြောင့် Samsung Electronics ရှယ်ယာဟာ ၄% ကျော် ကျဆင်းခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က