ရဲလေးမကတော့ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားပေမယ့်လည်း ပြည့်ပြည့်စုံစုံ မနေရတဲ့ သူ့ရဲ့ ဘဝ အခြေအနေကို အခုလို ပြောပြလာပါတယ်။
ပရိသတ်တွေကို မိန်းမလျာကာရိုက်တာနဲ့ အမြဲပျော်ရွှင်စေတဲ့ သရုပ်ဆောင် ရဲလေးမ ကတော့ မကြာခဏဆိုသလို အလှူအတန်းတွေ လုပ်နေတာကို တွေ့ရပါတယ်။ သူဟာ ပိုက်ဆံချမ်းသာသူ မဟုတ်ပေမယ့် တတ်နိုင်သလောက် အလှူအတန်းတွေကို မကြာ မကြာ လုပ်ဖြစ်နေတဲ့ ရည်ရွယ်ချက်လေးကို အခုလို ပြောပြလာပါတယ်။
“ ဗုဒ္ဓဘာသာ သဘောအရ အတိတ်ဘဝက ကံနည်းနဲ့လို့ ဒီဘဝမှာ ရဲလေးမ တိုင်းသိပြည်သိ လူချစ်တာ ခံရပေမယ့် ရဲလေးမ ပြည့်ပြည့်စုံစုံ မနေရဘူး။ ဒါဟာ အတိတ်ဘဝက ကံနည်းခဲ့လို့ နောင်ဘဝမှာ ပြည့်ပြည့်စုံစုံလေးနေရအောင် အလှူအတန်းလေးတွေ လုပ်ဖြစ်တာပါ။ ဘယ်အရာမဆို မေတ္တာတရားက ပိုအရေးကြီးပါတယ်။ အခုဆိုရင် Live လွှင့်တယ် ဈေးရောင်းတယ်။ သူတို့ အဆင်ပြေသလိုပေး အစ်ကို ယူလိုက်တယ်။ သူတို့ပေးတဲ့ ငွေကြေးကလည်း မနည်းပါဘူး။ ဒါကြောင့် မေတ္တာတရားနဲ့ အလုပ်လုပ်တာ ရေရှည်ခိုင်မြဲပါတယ်။ ဒါကြောင့် အစ်ကို လှူလို့လည်းရတယ်၊ မိသားစုကိုလည်း ရှာကျွေးလို့ရတယ်၊ ပြေပြေလည်လည် ဖြစ်လာပါပြီ” လို့ Duwun ကို ပြောခဲ့တာပါ။
အလှူအတန်းတွေလည်း လုပ်နေသလို စိတ်သဘောထားလည်း မွန်မြတ်လွန်းတဲ့ ရဲလေးမ ဟာ ဇန်နဝါရီလ ၁၇ ရက်နေ့တုန်းက အသက်(၄၇) နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ ဒီအသက်အရွယ်အထိ ရပ်တည်လာနိုင်တဲ့ သူ့ရဲ့ ခံယူချက်တွေကို ရဲလေးမက အခုလို ပြောပြခဲ့ပါတယ်။
“ အစ်ကိုက အရက်သောက်တဲ့သူ မဟုတ်ဘူး၊ ဘီယာ သောက်တဲ့သူ မဟုတ်ဘူး။ ဒါပေမယ့် စိတ်ကို ပျော်အောင်နေတယ်၊ စိတ်ညစ်စရာရှိလည်း တစ်ခဏတော့ တစ်ထိုင်တည်းမှာ စိတ်ညစ်လိုက်တယ် တစ်ဖက်ကို ယူမသွားဘူး။ ဒီလိုအရာလေးတွေက စိတ်ကိုရော၊ လူကိုရော နုပျိုစေပါတယ်။ အစ်ကိုက မပြည့်စုံတဲ့ ဘဝတစ်ခုဖြစ်တာကြောင့် ခံစားရတာတွေ အများကြီးပါ၊ သောကတွေလည်းရှိပါတယ်။ အဲဒါတွေကို ဖယ်ဖျောက်ပြီးတော့ တွေ့တဲ့နေရာတိုင်း အဆင်ပြေအောင်နေတယ်၊ လူတိုင်းနဲ့လည်း တည့်အောင် ပေါင်းတယ်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။
ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။