စမတ်နာရီနဲ့ တခြား လူ့ကိုယ်မှာ ဝတ်ဆင်နိုင်တဲ့ Wearable Devices တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ရောဂါလက္ခဏာမပြခင် ကြိုတင်သိရှိနိုင်အောင် ကူညီနိုင်ဖို့ ရှိပါတယ်။
Mount Sinai မှ သုတေသီတွေရဲ့ လေ့လာမှုအရ COVID-19 ရောဂါ စောစီးစွာ သိရှိနိုင်ဖို့အတွက် Smartwatch နဲ့ Fitness Wearables တွေဟာ အသုံးဝင်နိုင်တယ်လို့ ဆိုပါတယ်။ သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအရ Apple Watch ဟာ ဝတ်ဆင်သူရဲ့ သေးငယ်တဲ့ နှလုံးခုန်နှုန်းအပြောင်းအလဲကို သိရှိနိုင်ပြီး ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း လက္ခဏာကို ညွှန်ပြတာလည်း ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
Photo: Tech Radar
CBS News မှာ ဖော်ပြချက်အရ အဖျားအနာမဖြစ်ခင် တစ်ပတ်ကြိုပြီး ဒီစမတ်နာရီက ကြိုတင်ထောက်လှမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ Warrior Watch လို့ ခေါင်းစဉ်တပ်ထားတဲ့ လေ့လာမှုမှာ Mount Sinai မှ သုတေသနပညာရှင်တွေဟာ ဧပြီ ၂၉ ရက်မှ စက်တင်ဘာ ၂၉ ရက်အတွင်း ကျန်းမာရေးဝန်ထမ်းပေါင်း ၂၉၇ ဦးပါ အဖွဲ့တစ်ဖွဲ့ကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုမှာ Apple က ပါဝင်ခြင်း ၊ ရံပုံငွေ ထောက်ပံ့ခြင်း မရှိခဲ့ပါဘူး။
လေ့လာမှုမှာ ပါဝင်သူတွေကို Apple Watch များ ဝတ်ဆင်စေခဲ့ပြီး နှလုံးခုန်နှုန်းအပြောင်းအလဲ HRV ကို တိုင်းတာမယ့် အထူး Apps တွေပါ နာရီမှာ ထည့်ပေးထားခဲ့ပါတယ်။ " swab အဖြေအရ COVID-19 ကူးစက်ခံရကြောင်း မထွက်ခင် ၇ ရက်အထိ နာရီက HRV metrics မှာ သိသာတဲ့ အပြောင်းအလဲတွေ ဖော်ပြခဲ့ပါတယ်။ " လို့ သုတေသနစာတမ်းရေးသူ ရောဘတ်ပီ ဟာတန်က ဆိုပါတယ်။
"ကျွန်တော်တို့ လေ့လာမှုရဲ့ ရည်ရွယ်ချက်က လူတွေ ကိုယ့်ကိုယ်ကိုယ် ဖျားနေတယ်လို့ မသိသေးခင် ဒါမှမဟုတ် ကူးစက်ခံရတယ်လို့ မသိသေးခင် ရောဂါကူးစက်မှုတွေကို ကြိုသိနိုင်မယ့် Tools တွေ အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။" လို့ နယူးယော့ခ်စီးတီးမြို့ Mount Sinai ရှိ Icahn School of Medicine မှ ဆေးဘက်ဆိုင်ရာ လက်ထောင့်ပါမောက္ခ ဟာတန်က ပြောပါတယ်။
Photo: IndiaTimes
အလားတူလေ့လာမှုမျိုးကိုလည်း Standford University မှ သုတေသနပညာရှင်တွေ လုပ်ဆောင်ခဲ့ပါတယ်။ Standford University ရဲ့ လေ့လာမှုမှာ ပါဝင်သူတွေကို Garmin ၊Fitbit ၊ Apple နဲ့ တခြား Fitness tracker ထုတ်ကုန်တွေ ဝတ်ဆင်စေပြီး လေ့လာခဲ့ရာမှာ လူနာတွေရဲ့ ၈၁% ဟာ COVID-19 ရောဂါလက္ခဏာတွေ မပြခင် ၉ ရက်ခွဲအလိုအထိ အနားရနေချိန် နှလုံးခုန်နှုန်းအပြောင်းအလဲတွေ ဖြစ်တာကို ထုတ်ကုန်တွေက ဖော်ပြနိုင်ခဲ့တယ်လို့ဆိုပါတယ်။
တချို့ကုမ္ပဏီတွေကတော့ COVID-19 ဖြစ်နေသလားဆိုတာကိုပါ သိနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ Wearable ထုတ်ကုန်ကို ထုတ်လုပ်နေပါတယ်။ ပရင်စတန်တက္ကသိုလ်ရဲ့ သုတေသနကနေ ထွက်လာတဲ့ NeuTigers ကုမ္ပဏီဟာ ကိုရိုနာဗိုင်းရပ်စ်ကို ၉၀% မှန်အောင် ထောက်လှမ်းနိုင်မယ့် ဆေးဘက်ဆိုင်ရာအသိအမှတ်ပြု Empatica E4 ဆိုတဲ့ wearable ကို ထုတ်ထားပါတယ်။