စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့အကျဉ်းထောင်က ကိုဗစ်ပိုးတွေ့အချုပ်သားတစ်ဦးသည် ဆေးရုံကနေထွက်ပြေးမှုဖြစ်ပွားခဲ့ပြီးလက်ရှိအချိန်အထိလည်း ဖမ်းဆီးရမိခြင်းရှိသေးဘူးလို့သိရပါတယ်။
ပိုးတွေ့အချုပ်သားက ဇန်နဝါရီလ၁၈ရက် မနက်အစောပိုင်းလောက်မှာဆေးရုံကနေထွက်ပြေးသွားတာဖြစ်ပြီး၊ ခြေထောက်မှာခတ်ထားတဲ့သံကြိုးကို ဖျက်ဆီးကာထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ မနေ့ကတည်းက ရှာဖွေမှုတွေပြုလုပ်နေပေမယ့် ပိုးတွေ့အကျဉ်းသားကို ခုချိန်ထိတော့ တွေ့ရှိခြင်းမရှိသေးဘူးလို့ ဟုမ္မလင်းမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်ကပြောပါတယ်။
"လက်ရှိအချိန်ထိရှာတာတော့ မတွေ့သေးဘူး၊ အခုထိရှာနေတုန်းပဲ။ ပိုးတွေ့လို့ဆိုပြီးဆေးရုံမှာပို့ထားတာကို ထွက်ပြေးတာပေါ့။ အခုချိန်ထိမမိသေးတာပေါ့။ မနေ့က ထွက်ပြေးသွားတယ်၊ဆေးရုံကအစောင့်တွေကို ရှောင်ပြီး ထွက်ပြေးတာ"လို့ ဦးကျော်ဌေးလွင်ကပြောပြပါတယ်။ ကိုဗစ်ပိုးတွေ့ အချုပ်သားက ထွက်ပြေးတဲ့နေ့အထိဆို ရင်ဆေးရုံမှာရောက်ရှိပြီး ကုသမှုခံယူနေတာ ၈ ရက်လောက်ရှိနေပြီဖြစ်ကြောင်း၊ လက်ရှိမှာလည်း ရှာဖွေမှုတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။
အချုပ်သားက အသက် (၂၇)နှစ်အရွယ်အမျိုးသားဖြစ်ပြီး ဟုမ္မလင်းမြို့နယ်၊ သဝန်ထွက်၀ ကျေးရွာမှာနေထိုင်သူဖြစ်ကြောင်း၊လက်ရှိမှာတစ်လင်တစ်မယားစနစ်ပုဒ်မ နဲ့ အမှုရင်ဆိုင်နေရသူဖြစ်တယ်လို့သိရပါတယ်။ဟုမ္မလင်းမြို့နယ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့အထိဆိုရင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၇ ဦးရှိတဲ့အနက် လူနာ ၃၂ဦး ဆေးရုံမှဆင်းခွင့်ရရှိထားကြောင်းသိရပါတယ်။
အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။