အဆိုတော် လာဇရုကတော့ ဒီကနေ့မနက်ပိုင်းက သူချစ်ရတဲ့ ဂီတလောကနဲ့ မိသားစုတွေကို ထာဝရ ကျောခိုင်း နှုတ်ဆက်သွားခဲ့ပါပြီ။
Photo: Horse Entertainment
အဆိုတော် လာဇရုကတော့ ဇန်နဝါရီလ (၁၉) ရက်နေ့ မနက် ၅ နာရီ ၊ မိနစ် ၄၀ တုန်းက မြောက်ဥက္ကလာပ ဆေးရုံကြီးရဲ့ ဦးနှောက်နဲ့အာရုံကြောဌာနမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ သီချင်းကောင်းတွေ အမြဲဖန်တီးတတ်တဲ့ ဂီတကြယ်ပွင့်တစ်ဦးကို ဆုံးရှုံးလိုက်ရတာကြောင့် ဂီတလောကသားတွေက စိတ်မကောင်းဖြစ်နေကြတာဖြစ်လို့နေကြပါတယ်။
ဒီအထဲမှာမှ လာဇရုနဲ့ အတူ အနုပညာအလုပ်တွေ အတူတူ တွဲလုပ်ခဲ့ဖူးတဲ့ သရုပ်ဆောင် ဝေဠုကျော်ကလည်း စိတ်မကောင်း ဖြစ်ရတဲ့အကြောင်းတွေကို အခုလို ပြောပြခဲ့ပါတယ်။
" ဂီတကြယ်တစ်ပွင့် ကြွေလွင့်ပြီတေးရေး၊ တေးဆို ကိုကျော်နိုင်သူ(ခ)လာဇရု ခြေချော်လဲပြီး ဦးခေါင်းထိခိုက်လို့ ဆေးရုံတင်လိုက်ရတယ် သတင်းကြားပြီးနောက် ယနေ့မနက် ၄:၅၀ အချိန်တွင် သူချစ်တဲ့ ကမ္ဘာကြီး၊ သူချစ်တဲ့ အနုပညာ၊ သူချစ်တဲ့သူတွေအားလုံးကို နှုတ်ဆက်ခွဲခွာခဲ့ပါပြီ။ အနုပညာအလုပ်တွေကို အတူလက်တွဲ အလုပ်လုပ်ခဲ့ဖူးသူ လာဇရုရေ မင်း ဆုံးပါးသွားမှုအတွက် ကျန်ရစ်သူ မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရပါတယ်။ မင်း ကောင်းရာဘုံဘဝ ကိုရောက်ပါစေ" ဆိုပြီးတော့ ဝေဠုကျော်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းက ရေးထားတာကို တွေ့ရပါတယ်။
Photo: Horse Entertainment
အဆိုတော် လာဇရု ကတော့ ဒီနေ့အချိန်ထိ လူငယ်တွေ ပါးစပ်ဖျားမှာ ရေပန်းစားလျှက်ရှိတဲ့ သီချင်းတွေကို သီဆိုခဲ့တဲ့ အဆိုတော် တစ်ယောက်ပါ။ သူဟာ " အသည်းကွဲတဲ့ရောဂါ"၊ " အမျှော်လင့်ဆုံးနေ့" ၊ " လမ်း" ၊ " ချစ်သူချော့တေး" ၊ " အလွမ်းအိပ်မက်" စတဲ့ သီချင်းတွေ ကိုတော့ လာဇရု ကိုယ်တိုင် သီဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် " ဒုတိယမြောက်ရှင်သန်ခြင်း" ၊ " ဖြစ်တည်မှုအသစ် " ၊ " ချစ်တဲ့သူ" စတဲ့ သီချင်းအခွေတွေလည်း ထွက်ရှိခဲ့ပါသေးတယ်။ သူကိုယ်တိုင်ရေးသားခဲ့တဲ့ သီချင်းတွေကလည်း ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ သီချင်းတွေဖြစ်ပြီး မှတ်မှတ်ရရ အနေနဲ့ R ဇာနည် သီဆိုထားတဲ့ " ကြေကွဲစရာ" ဆိုတဲ့ သီချင်းကို လာဇရု ရေးသားထားတာပါ။