ပြေတီဦး ဖောင်ဒေးရှင်း အနေနဲ့ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပညာရေးတက္ကသိုလ်တက်မယ့် ကျောင်းသား/ကျောင်းသူ ၂ဦးကိုလည်း ထပ်တိုးထောက်ပံ့ကူညီပေးသွားမှာဖြစ်ပြီး စုစုပေါင်း (၁၄) ဦး ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
Photo: ပြေတီဦးဖောင်ဒေးရှင်း
သရုပ်ဆောင် ပြေတီဦးကိုယ်တိုင် ဦးဆောင်ပြီး ပညာရေးအတွက် ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နေတဲ့ " ပြေတီဦးဖောင်ဒေးရှင်း" ကတော့ အခုဆိုရင် (၁၁) နှစ်တာ အခိုင်အမာ ရပ်တည်လာတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်လို့နေပါပြီ။ အခုဆိုရင်တော့ (၁၁) ကြိမ်မြောက် ပညာရေး ထောက်ပံ့ကူညီမှုအနေနဲ့ လူဦးရေတိုးမြှင့်ထောက်ပံ့ပေးသွားမယ့် အစီအစဉ်မှာ ပညာရေးတက္ကသိုလ်ကို တက်ရောက်မယ့် ကျောင်းသား/သူ တွေကိုလည်း ပညာသင်စာရိတ် ထောက်ပံ့ပေးသွားမယ်လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။
" ပြေတီဦးပညာရေးဖောင်ဒေးရှင်းကနေ ဖောင်ဒေးရှင်းစတင်တည်ထောင်သည့်အချိန်မှ စပြီး ပညာသင်စရိတ် အမှန်တကယ်လိုအပ်သူ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ဥပဒေ ကျောင်းသား/သူ များကို နှစ်စဉ်ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့ပြီး ယခု၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်၊ ဥပဒေကျောင်းသား/သူ များအပြင် ထပ်တိုးအနေဖြင့် ပညာရေးတက္ကသိုလ် တက်ရောက်မည့် ကျောင်းသား/သူ ၂ဦးကို ထပ်တိုး ထောက်ပံ့ပေးမည်ဖြစ်သည့်အတွက် ပညာသင်စရိတ်လျှောက်ထားလိုသူများ အောက်ပါပုံမှ အချက်အလက်များကို သေချာစွာဖတ်ပြီး လျှောက်ထားနိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းလေးပါးလိုက်ပါတယ်" ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲက သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။
Photo: ပြေတီဦးဖောင်ဒေးရှင်း
ပြေတီဦးဖောင်ဒေးရှင်းဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဆရာဝန်လောင်းများ၊ ဥပဒေပညာရှင်လောင်းများ နဲ့ အင်ဂျင်နီယာလောင်းများကိုသာ မွေးထုတ်ပေးခဲ့ပေမယ့် ဒီနှစ်မှာတော့ ပညာရေးတက္ကသိုလ်တက်ရောက်မယ့် ကျောင်းသား/သူ (၂) ဦးကို ထပ်မံထောက်ပံ့ကူညီပေးသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ပြေတီဦးဖောင်ဒေးရှင်းကနေတဆင့် ဆေးတက္ကသိုလ်တက်ရောက်မယ့် ကျောင်းသား/သူ (၅) ဦး၊ စက်မှုတက္ကသိုလ်တက်ရောက်မည့် ကျောင်းသား/သူ (၅)ဦး၊ ဥပဒေကျောင်းသား/သူ (၂) ဦး နဲ့ ပညာရေးတက္ကသိုလ်တက်ရောက်မည့် ကျောင်းသား/သူ (၂) ဦးတို့ကို ထောက်ပံ့ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းကနေ ပညာသင်စာရိတ်ထောက်ပံ့ပေးဖို့ ရွေးချယ်ခံလိုက်ရတဲ့ ကျောင်းသား/သူတွေကိုတော့ လစဉ်(၁) သိန်းကျပ်၊ ကျောင်းပိတ်သော လများတွင် တစ်လကို (၂) သောင်းကျပ် ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။ ပညာရေးထောက်ပံ့ပေးမယ့်အလှူရှင်တွေရှိရင် ရှိသလောက် ထောက်ပံ့ ထောက်ပံ့ပေးသွားဦးမယ်လို့ သိရပါတယ်။
Photo: My Dream
ပြေတီဦးဖောင်ဒေးရှင်းကိုတော့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ(၃၀) ရက်နေ့ ပြေတီဦးရဲ့ မွေးနေ့မှာ စတင် တည်ထောင်ခဲ့တာပါ။ အဲဒီနောက် ၂၀၁၀-၂၀၁၁ ခုနှစ်ပညာသင်နှစ်မှာတော့ ပြေတီဦးဖောင်ဒေးရှင်းကနေတဆင့် ကျောင်းသား/သူ (၁၈) ဦးတို့ကို တစ်ယောက်လျှင် ငွေကျပ်(၅) သောင်းစီ ပညာသင်စာရိတ် စတင်ထောက်ပံ့ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် နောက်ထပ် အလှူရှင်များက ကျောင်းသား/သူ(၂၇) ဦးတို့ကို ပညာသင်စာရိတ် ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ ပြေတီဦးဖောင်ဒေးရှင်းကနေ ပညာသင်စရိတ်ထောက်ပံ့ပေးခဲ့တဲ့ ဆရာဝန် (၇၄) ယောက်၊ အင်ဂျင်နီယာ(၆) ယောက်၊ ဘွဲ့ရသူ ကျောင်းသားဦးရေ (၇၀) ယောက် မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဖောင်ဒေးရှင်းရဲ့ ပံ့ပိုးမှုနဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူ အယောက် ၁၀၀ ရှိတယ်လို့လည်း ပြေတီဦးက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။