အသက်(၈) နှစ်ခွဲအရွယ်သာရှိသေးပြီး သွေးကင်ဆာခံစားနေရတဲ့ မိန်းကလေးရဲ့ အသက်ကို ကယ်တင်ပေးနိုင်ဖို့အတွက် အမွန်းက ငွေကျပ် သိန်း(၃၀) မတည်ကာ ဆေးကုသမှုစရိတ်ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။
Photo: Ah Moon
အဆိုတော်အမွန်းကတော့ သူ့ရဲ့ မွေးနေ့ အမှတ်တရ အနေနဲ့ မြစ်ကြီးနားမှာ နေထိုင်ပြီး အသက်(၈) နှစ်ခွဲ အရွယ်သာရှိသေးတဲ့ သမီးလေး မေသုန္ဒြေကျော်ဦး ရဲ့ကျန်းမာရေးအတွက် ငွေကြေးထောက်ပံ့ပေးချင်တယ်လို့ ဆိုပါတယ်။ ပြည်ပမှာ သွားရောက်ကုသမှသာ ကျန်းမာရေးပြန်ကောင်းမွန်လာနိုင်တဲ့ သမီးလေးရဲ့ ကျန်းမာရေး အခြေအနေကိုလည်း အမွန်းက ပြောပြခဲ့ပါတယ်။
“ အမွန်း အသက်(၃၀) ဖြစ်သွားပါပြီ။ ဒီနေ့အချိန်အထိ ဘယ်သူ့ဆီကမှ မွေးနေ့လက်ဆောင် မတောင်းခဲ့ဖူးပါဘူး။ အခုတော့ ပရိသတ်အားလုံးဆီကနေ မွေးနေ့လက်ဆောင်တောင်းချင်ပါတယ်။ ဒါကတော့ လူတစ်ယောက်ရဲ့ အသက်ကို ကယ်ဖို့ လိုအပ်နေပါတယ်။ သူကတော့ အသက်(၈) နှစ်ခွဲ ကောင်မလေးက သမီးလေး နာမည်က မေသုန္ဒြေကျော်ဦးပါ။ အခု သွေးကင်ဆာဝေဒနာခံစားနေရပါတယ်။ ဒီသမီးလေးရဲ့ ရောဂါက ပြည်ပကို ထွက်ပြီးတော့မှ ရိုးတွင်းချင်ဆီ လဲဖို့အတွက် လိုအပ်နေပါတယ်။ အရမ်းလည်း ငယ်သေးတယ် သူ့ကို ဘဝတစ်လျှောက် ကျန်းမာပျော်ရွှင်တဲ့ ကလေးတစ်ယောက် အနေနဲ့ ကြီးပြင်းလာစေချင်တယ် ဘဝဆိုတဲ့ လက်ဆောင်လေးကို ပေးချင်ပါတယ်။ လူတစ်ယောက်ရဲ့ အသက်ကို ကယ်ဖို့အတွက် လိုအပ်နေတဲ့ အချိန်မှာ အမွန်းရဲ့ အသက် ဂဏန်းအရ ဆေးကုသမှုလိုအပ်နေတဲ့ သမီးလေး အတွက် အမွန်းက သိန်း(၃၀) မတည် ထားပါတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယိုလေး တင်ထားခဲ့ပါတယ်။
Photo: Amazing Grace
သမီးလေး မေသုန္ဒြေကျော်ဦးရဲ့ မိခင်ကတော့ အဆိုတော်အမွန်းရဲ့ ငယ်သူငယ်ချင်းဖြစ်တာကြောင့်ရော၊ ပြည်ပမှာ ဆေးကုသဖို့ မတတ်နိုင်တဲ့ အခြေအနေဖြစ်တာကြောင့်လည်း အမွန်းက အခုလို ကူညီပေးချင်တာလို့ အဆိုပါ ဗီဒီယိုဖိုင်ထဲမှာ ပြောပြခဲ့ပါတယ်။ ဒီသမီးလေးရဲ့ ရောဂါဟာ ဒေါ်လာ(၅) သောင်းခန့် ကုန်ကျမှာ ဖြစ်တဲ့အတွက် တစ်ယောက်တည်း အင်အားနဲ့ မလုံလောက်ဘူးလို့လည်း အမွန်းက ဆက်လက် ပြောပြလာပါတယ်။
“ သွေးကင်ဆာဝေဒနာရှင်လည်းဖြစ်တယ်၊ ရိုးတွင်းချင်ဆီ လဲတဲ့ ကိစ္စက အမေရိကန်ဒေါ်လာ(၅)သောင်းကျော်လောက် ကုန်သွားဖို့ရှိပါတယ်။ သွားကုရမယ့် နိုင်ငံကလည်း အိန္ဒိယကိုပါ။ ဒေါ်လာ(၅) သောင်းက မြန်မာငွေနဲ့ဆို သိန်းရာနဲ့ချီ ကုန်ကျနိုင်ပါတယ်။ ဒါကြောင့် အမွန်းလည်း အလုပ်တွေ ပိုကြိုးစားလုပ်ရင်း ထပ်ကူညီသွားနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားပါတယ်။ တစ်ယောက်တည်း အားနဲ့ နိုင်တဲ့ ကိစ္စမဟုတ်လို့ အမွန်းရဲ့မွေးနေ့ အမှတ်တရအဖြစ်ပရိသတ်တွေဆီကနေ ကျေးဇူးပြုပြီးတော့ အမွန်းကို ချစ်တဲ့အနေနဲ့ ဆေးကုသဖို့ လိုအပ်နေတဲ့ ကလေးလေးရဲ့ ဆေးကုသစာရိတ်ကို ကူညီပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။ ပါဝင်ပေးမယ်ဆိုရင်လည်း အမွန်းက အရမ်းကျေးဇူးတင်မှာပါ။ Little May ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပါဝင်ပေးစေချင်ပါတယ်” လို့ သူကဆိုပါတယ်။
Photo: Amazing Grace
ဒီအလှူမှာ ပါဝင်ကြဖို့အတွက် ငွေလွှဲရမယ့် နေရာတွေကိုလည်း အမွန်းက သေချာစီစဉ်ပြီး ပြန်လည်ကြေညာပေးသွားမယ်လို့ သိရပါတယ်။ အမွန်းဟာ လက်ရှိဂီတလောကမှာ အောင်မြင်နေတဲ့ ကချင်တိုင်းရင်းသူ အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့အနေနဲ့ ဂီတလောကမှာ သာမက သရုပ်ဆောင်ဘက်ကိုပါ ခြေလှမ်းနေသူ တစ်ဦးပါ။ သူမဟာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့တုန်းက ပြင်သစ်နိုင်ငံသား ချစ်သူ Raouf Bac နဲ့ လက်ထပ်ပြီးဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ချစ်သူ သက်တမ်း(၅) နှစ်အကြာမှာ အိမ်ထောင်ဖက် အဖြစ် ရွေးချယ်လိုက်ကြတာပါ။