အိမ့်ချစ်ကတော့ ဂီတလောကမှာ ဖြတ်သန်းလာခဲ့တဲ့(၁၆) နှစ်အကြာ အတွေ့အကြုံတွေကို အခုလို ပြောပြခဲ့ပါတယ်။
Photo: TwoNine
အိမ့်ချစ်ကတော့ အဆိုတော် ချစ်ကောင်းရဲ့ ဂီတမျိုးဆက်သစ် တစ်ဦးဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့နေပါပြီ။ ပရိသတ်အားပေးမှုတွေနဲ့ ဖြတ်သန်းလာခဲ့တဲ့ ရပ်တည်မှုအပေါ် သူမရဲ့ သဘောထားကို ပြောပြခဲ့ပါတယ်။
" တစ်ခါတစ်လေလည်းလူ့ဘဝမှာဘယ်လောက်ပဲကြိုစား အသိမှတ်ပြုမခံရတာတွေကြုံဖူးကြမှာပါ ဟုတ်တယ်မလား။ ဒါပေမယ့်အဓိက ကတော့ ကိုယ့်ကြိုးစားမှုတိုင်းဟာကိုယ့်ဟာကိုသိနေဖို့နဲ့လိပ်ပြာလုံနေဖို့ သန့်ရှင်းနေဖို့ပဲလိုပါတယ် ဒါဟာအရေးအကြီးဆုံးပါ။ အဲဒီစိတ်ပဲထည့်ထားပြီးဂီတနဲ့ပတ်သက်ရင်အရိုးရှင်းဆုံးနဲ့ အမှန်ကန်ဆုံးပဲပေးခဲ့တာမို့ ပြန်ရခဲ့တာတွေကတော့ ပရိသတ်ရဲ့မေတ္တာတွေပါပဲ" ဆိုပြီးတော့ ဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လယ် ၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Eint Chit
အိမ့်ချစ်ဟာ ငယ်စဉ်ကတည်းက ဂီတအလုပ်ကို ဝါသနာပါခဲ့သူဖြစ်တာကြောင့် ဖခင်ဖြစ်သူ အဆိုတော် ချစ်ကောင်းရဲ့ ဖျော်ဖြေပွဲတွေမှာဆို သီချင်းတွေ အတူတူလိုက်ဆိုလေ့ရှိသူပါ။ ဝါသနာကိုအရင်းခံပြီး ကြိုးစားလာခဲ့သူဖြစ်တာကြောင့် ပရိသတ်တွေက သူမအတွက်အင်အားတစ်ခုဖြစ်ခဲ့တယ်လို့လည်း ပြောပါတယ်။
" ဂီတနဲ့ပတ်သက်ပြီး မမှန်ကန်တဲ့နည်းတွေသုံးပြီး အပေါ်ရောက်အောင်မတက်ခဲ့ဘူး။ လှေကားတစ်ထစ်ချင်းစီပဲဖြေးဖြေးနဲ့မှန်မှန်တက်လာခဲ့တာ ခုဆို ဂီတသက်တန်း၁၆ နှစ်ကျော်ခဲ့ပြီ။ လျှောက်ခဲ့တဲ့သက်တမ်းမှာဂီတထူးချွန်ဆုတွေ အများကြီးမရခဲ့ဖူးပါဘူး ဒါပေမယ့် ပရိတ်သတ်ရဲ့မေတ္တာတွေတော့ရခဲ့တယ်။ ပရိသတ်မေတ္တာနဲ့ပဲဆက်လက်ရှင်သန်သွားမယ်။ အဲဒီမေတ္တာတွေနဲ့ပဲအမြဲရှင်သန်နေခွင့်ပေးပါနော် ချစ်ရတဲ့ပရိတ်သတ်ကြီးရှင့်"လို့ ဆက်လက် ရေးသားထားပါတယ်။
Photo: Butterfly
Joox ကချီးမြှင့်တဲ့ ၂၀၂၀ ခုနှစ်ရဲ့ ရေပန်းအစားဆုံး သီချင်းဆု(၂) ဆု၊ ASEAN+3 SONG CONTEST 2019 သီချင်းဆိုပြိုင်ပွဲကြီးမှာ ဒုတိယဆု တွေအပြင် နောက်ထပ် ဂီတဆုတွေလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ “အချစ်ရေး” ၊ “ အိမ့်ချစ်ဟုခေါ်သည်” ၊ အဆိုတော် ဟဲလေးနဲ့ အတူ “ချောကလက် မှိုတက် ညိုပြာညက်” ၊ “ Eint Chit Slay” စတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ ၂၀၁၆ ခုနှစ်တုန်းက "၅၂၈" ဖျော်ဖြေ ပွဲကြီးကို ကျင်းပခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၇ ခုနှစ်မှာတော့ သူမရဲ့ ပထမဆုံး One Lady Show ပွဲကို ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ကျင်းပပြုလုပ်ခဲ့တာပါ။ ၂၀၁၉ ခုနှစ် သြဂုတ်လ အတွင်းကလည်း သူမရဲ့ဖခင် ဦးချစ်ကောင်းရယ်၊ မောင်လေးဖြစ်တဲ့ ဂျူနီယာချစ်ကောင်းရယ် သုံးယောက်ပေါင်းပြီး FG live Lounge.. ပွဲ လုပ်ခဲ့ပါသေးတယ်။
Photo: Two Nine
သူမဟာ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းလှိုင်နဲ့ ၂၀၂၀ ခုနှစ် ၆ လပိုင်း ၆ ရက်နေ့တုန်းက မင်္ဂလာလက်မှတ် ရေးထိုးခဲ့ကြပြီး ၆ လပိုင်း ၂၇ ရက်နေ့မှာတော့ အေးချမ်းအောင်မြေ အုတ်ခွက်ဘုရားကျောင်းမှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ၁ လပိုင်း ၁၄ ရက်နေ့မှာတော့ သူတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ စေ့စပ်လက်စွပ် နှစ်ကွင်းကို မွန်ဘုရင်မကြီးရှင်စောပုကိုးကွယ်တဲ့ အောင်သိဒ္ဓိဘုရားသို့ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။