ပြန်စဉ်းစားရမယ့်အကြောင်းရှိလာရင်တော့ လျာထားချက်ပြောင်းလဲနိုင်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဖေဖော်ဝါရီလမှာ ကျင်းပတော့မယ့် တတိယအကြိမ် တိုင်းနဲ့ပြည်နယ်လွှတ်တော်သက်တမ်းအတွက် လွှတ်တော်ဥက္ကဌ ၊ ဒု-ဥက္ကဌတာဝန်ယူရမယ့်လူတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လျာထားပြီးဖြစ်တယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာ ပါတီရဲ့ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့က တိုင်းနဲ့ပြည်နယ်အသီးသီးက ဒေသခံပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နေတာကြောင့် ဒီလျာထားချက်က ပြောင်းလဲနိုင်သေး တယ်လို့ NLDပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Duwun ကို ပြောပါတယ်။



"ကျွန်တော်တို့ ဒီတွေ့ဆုံဆွေးနွေးမှုတွေက လျာထားမှုအပေါ်မှာတော့ အကျိုးသက်ရောက်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေက လျာထားမှုပဲ ဖြစ်ပါတယ်။ကျွန်တော်တို့ဘာကိုမှ အပြီးသတ် ဆုံးဖြတ်သေးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လွှတ်တော်တွေက ကျင်းပတော့မယ်ဆိုတော့ ပထမဆုံးကျင်းပတဲ့နေ့မှာပဲ လွှတ်တော်ဥက္ကဌ ဒု-ဥက္ကဌရွေးတော့မှာဆိုတော့ ကျွန်တော်တို့က ခန့်မှန်းလျာထားတာကတော့ လုပ်ကိုလုပ်ရမယ် " လို့ ဒေါက်တာမျိုးညွန့်က Duwun ကို ပြောပါတယ်။

ဒေသခံပါတီတွေနဲ့ ထပ်မံဆွေးနွေးဖို့ ရှိမရှိကိုတော့ ပါတီအစည်းအဝေးပြီးမှ ထပ်မံသိရှိနိုင်မှာဖြစ်ပြီး အကြောင်းတစ်စုံတစ်ရာရှိမလာရင်တော့ ဒီလျာထားချက်တွေက မပြောင်းလဲနိုင်ဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ဒါကြောင့် ပြန်စဉ်းစားရမယ့် အကြောင်းမရှိလာရင်တော့ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီလျာထားချက်တွေကို အသိပေးသွားမှာဖြစ်ပြီး ဒါတွေကို ကိုယ်စားလှယ်တွေက ဆက်လက်ဆောင်ရွက်ရမယ်လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

" ထပ်တွေ့ဖို့က အစည်းအဝေးပြီးမှပဲ သိပါမယ် ခင်ဗျ။ လျာထားမှုကတော့ တစ်စုံတစ်ရာအကြောင်း မပေါ်လာဘူးဆိုရင် လျာထားတဲ့အတိုင်းဖြစ်သွားမှာပဲလေ။ထူးခြားတဲ့အကြောင်း ၊ ပြန်လည်စဉ်းစားဖို့ အကြောင်းရှိရင်တော့ စဉ်းစားရမှာပေါ့။မဟုတ်ရင်တော့ အခုလျာထားတဲ့အတိုင်းပဲ အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်တွေက ဆက်လက်ဆောင်ရွက်သွားရမှာပေါ့။ နီးတဲ့အခါကျတော့ သူတို့ကို အသိပေးမှာပါ " လို့ NLDပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က Duwun ကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီလျာထားချက်အတွက် လူပုဂ္ဂိုလ်ရွေးချယ်ရာမှာတော့ ပါတီရဲ့ မူဝါဒအတိုင်းလိုက်နာဆောင်ရွက်မယ့်သူ ၊ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်မှုရှိသူ ၊ အများပြည်သူယုံကြည်လေးစား လက်ခံနိုင်မယ့်သူဆိုတဲ့ အချက်တွေနဲ့ ရွေးချယ်တာ ဖြစ်တယ်လို့လည်း ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

တတိယအကြိမ် တိုင်းနဲ့ပြည်နယ်လွှတ်တော်အသီးသီးရဲ့ ပထမပုံမှန်အစည်းအဝေးတွေကို ဖေဖော်ဝါရီ ၈ရက် မှာ ရှမ်းပြည်နယ် ၊ ၉ရက်မှာ ရန်ကုန် ၊ ပဲခူး ၊ ဧရာဝတီ ၊ စစ်ကိုင်း ၊ မကွေး ၊ မန္တလေး ၊ တနင်္သာရီ ၊ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန်နဲ့ ရခိုင်ပြည်နယ်တို့ ကျင်းပနိုင်ဖို့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေက ကြေညာထားပါတယ်။


Share

Loading Next Article...
က္က