ပရဟိတလုပ်မှ ဝတ်နိုင်စားနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ကြုံရတယ်။

ကိုဗစ်ကာလအတွင်းမှာ လူရွှင်တော်ဥက္ကဌ ဒိန်းဒေါင်နဲ့အတူ ပရဟိတအလုပ်တွေ လုပ်ဆောင်နေတဲ့ ချက်ကြီးနဲ့ ပိုးလေးတို့ကတော့ ပရဟိတလုပ်နေတဲ့အချိန်မှာတောင် မကောင်းတဲ့ဝေဖန်မှုတွေ ကြုံလာရတဲ့အပေါ် သူတို့ရဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။ 

လူရွှင်တော်အသင်းကတော့ လက်ရှိမှာ သက်ကြီးလူရွှင်တော်တွေနေထိုင်ဖို့အတွက် ဘိုးဘွားရိပ်သာ ဆောက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပရဟိတလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ဆောင်ရွက်နေကြတာပါ။ အချိန်အကြာကြီး ပရဟိတအလုပ်တွေ လုပ်လာရတဲ့ အချိန်မှာ မိသားစုစားဝတ်နေရေးကိုလည်း ဘယ်လိုဖြေရှင်းနေရသလဲဆိုတဲ့အပေါ် ချက်ကြီးက အခုလို ပြောပြခဲ့ပါတယ်။ 



“ ကျွန်တော် အရှင်းဆုံးပြောရရင် လူရွှင်တော်တွေထဲမှာ ကိုဒိန်းဒေါင် အချမ်းသာဆုံးပဲ။ အရင်တုန်းကလို ကျွန်တော်တို့ အလုပ်တွေ မလုပ်ရတော့ ရှားပါးသွားတဲ့အတွက် သို့သော် အဆင်ပြေအောင်တော့ နေနေရတယ်။ ကျွန်တော်ဆို ကွန်ပျူတာအရမ်းမက်မောတယ် ဒါပေမယ့် အခု ရောင်းလိုက်ရပြီ။ စားဖို့သောက်ဖို့ကတော့ အရမ်းမခက်ခဲပါဘူး။ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကြောင့် အဆင်ပြေသလောက် အလုပ်လေးတွေ လုပ်လို့ရနေသေးတယ်” လို့ Duwun ကို ပြောပြခဲ့ပါတယ်။ 

ဒါ့အပြင် လူရွှင်တော် ပိုးလေးကလည်း သူ့ မိသားစုရဲ့ စားဝတ်နေရေး အခြေအနေတွေကို ပြောပြရင်း သားပစ်၊ မယားပစ် ပရဟိတအလုပ်တွေ လုပ်နေရသူဖြစ်တာကြောင့် ဝေဖန်မှုတွေ ကြုံလာရတိုင်း စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။ 

“ တချို့ဆို ရှိတယ် စိတ်မကောင်းစရာတစ်ခုပါ ပရဟိတလုပ်မှ ဝတ်နိုင် စားနိုင်တယ် ဆိုတာမျိုးပေါ့။ ဒါက အရင်ကတည်းက ကျွန်တော်တို့က ဝတ်နိုင်စားနိုင်ခဲ့တာပါ။ အခု ပရဟိတလုပ်နေတဲ့ အချိန်မှာတောင် ရွှေလက်ပတ်၊ ဆွဲကြိုး အကုန်ရောင်းလိုက်ရတယ်။ ပြီးတော့ အချိန်အကြာကြီး သားပစ်၊ မယားပစ်နဲ့ အလုပ်တွေ လုပ်နေရတဲ့ အချိန်မှာ မဟုတ်က ဟုတ်ကတွေ လာဝေဖန်ကြတယ်။ ပြီးတော့ ပရဟိတလုပ်ငန်းအပေါ်မှာ ကျွန်တော်တို့ တကယ်စိတ်နှစ်ပြီး လုပ်နေတာဖြစ်တော့ သူတို့ရဲ့ Comment တွေကို တွေ့ရင် တော်တော် စိတ်မကောင်းဖြစ်တယ်။ ကျွန်တော်တို့ နေရာမှာ တစ်ရက်လောက် လာလုပ်စေချင်တယ်။ တစ်ခါတလေ ဝေဖန်တာတွေ့တော့ ရယ်ချင်မိတာလောက်ပါပဲ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Chat Gyi

အခုလက်ရှိမှာတော့ လူရွှင်တော် အသင်းမှာ ချက်ကြီး က ဘဏ္ဍာရေးမှူး ရာထူး နဲ့ ပိုးလေးက အတွင်းရေးမှူး (၁) ရာထူးကို တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဦးဒိန်းဒေါင် (ဥက္ကဌ)၊ ကိုအုန်းသီး (ဒုဥက္ကဌ) ၊ ကိုကံပွင့် (အတွင်းရေးမှူး ၂) ၊ ကိုချစ်ချော (စာရင်းစစ်)၊ ကိုမျောက်ရှုံး (စည်းရုံးရေးမှူး)၊ ကို စိစိ နဲ့ ကိုစူပါတို့ကတော့ အဖွဲ့ဝင်တွေ၊ ကိုစိန်ပန်းသီး( ပြန်ကြားရေး)၊ ကိုအောင်ချစ်(တွဲဖက်ပြန်ကြားရေး) စတဲ့ လူရွှင်တော်တွေကလည်း အသင်းရဲ့ ရာထူး အသီးသီးမှာ တာဝန်ထမ်းဆောင်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် ဒိန်းဒေါင် ဦးဆောင်တဲ့ ချွန်တွန်းပရဟိတ အဖွဲ့မှာလည်း ချက်ကြီးနဲ့ ပိုးလေးတို့က ပါဝင်ကူညီပေးလျှက်ရှိပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က