G ကတော့ ကိုယ်တစ်ဦးတည်းရဲ့ နောင်ရေးထက် အများပြည်သူရဲ့ နောင်ရေးအတွက် ပရဟိတအသင်း တည်ထောင်သွားမယ့် ဆန္ဒကို အခုလို ပြောပြလာပါတယ်။
Photo:G Vocals
ပရဟိတအလုပ်နဲ့ ပတ်သက်လာရင် အမြဲတမ်း တက်တက်ကြွကြွရှိသူကတော့ G ဖြစ်ပါတယ်။ သူမဟာ ပရဟိတလုပ်ငန်းကို ဝါသနာကြီးသူ ဖြစ်ပြီး သူရှာသမျှ ငွေကြေးတိုင်းကိုလည်း ပရဟိတ လုပ်ငန်းတွေ တိုးချဲ့နိုင်ဖို့ကိုပဲ စဉ်းစားနေတယ်လို့ သူက ဆိုပါတယ်။
“ ညီမက အဝတ်အစားဆိုလည်း ညီမရဲ့ မန်နေဂျာက စီစဉ်ပေးတာပဲများတယ်။ ညီမက စုတ်စုတ်ပြတ်ပြတ် နေတတ်တဲ့သူဆိုတော့ ညီမကို ပိုက်ဆံပေးပြီး အဝတ်အစားသွားဝယ် ဆိုရင် သွားဝယ်ဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့်လည်း ကိုယ်ရှာတဲ့ပိုက်ဆံကို ကိုယ်သုံးတာ နည်းတယ်။ ပရဟိတ အလုပ်အတွက် လှူတာများတယ်။ ဒါပေမယ့် အဝတ်အစား လှူဖို့ကတော့ အဝတ်အစားလည်း အများကြီး မရှိဘူး။ အခုချိန်မှာ ကိုယ်လုပ်ချင်တဲ့ အလုပ်က ပရဟိတအသင်း ထူထောင်ချင်တယ်။ ဒါကလည်း ကိုယ်တစ်ဦးတည်းရဲ့ နောင်ရေးအတွက်မဟုတ်ဘူး အများသူငါရဲ့ နောင်ရေးအတွက်ပါ” လို့ Duwun ကို ပြောပါတယ်။
Photo:G Vocals
G ဟာ ကိုဗစ်ရောဂါအခြေအနေ အနည်းငယ်တည်ငြိမ်လာတဲ့အချိန်မှာ TV ကြော်ငြာတွေနဲ့ Online Sale တွေ လုပ်လာတာ တွေ့ရပါတယ်။ အဲဒီကနေရလာတဲ့ ငွေကြေးတွေကို ရှင်သန်ရေး လူမှုကယ်ဆယ်ရေး အသင်းအတွက် လူနာတင်ယာဉ်တစ်စီး လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင် ပရဟိတအသင်း ထူထောင်ချင်သေးတဲ့ ဆန္ဒလည်း ပြည့်လာဖို့ ကြိုးစားနေပြီလို့ ဆိုပါတယ်။
“ ကားလှူချင်တဲ့ ဆန္ဒတစ်ခု ပြည့်သွားပြီဆိုပေမယ့် နောက်ထပ် ညီမ ရုံးခွဲတစ်ခု ဖွင့်ချင်သေးတယ်။ ခြံငှားပြီးတော့ မြို့နယ်ကိုလည်း စာတင်ဖို့လိုသေးတယ်။ ကိုယ့်ဘာသာကိုယ် ရုံးခွဲဖွင့်မယ်ဆိုရင်လည်း ရုံးချုပ်ကနေ အထောက်အပံ့မယူပဲ ကိုယ့်ဘာသာကိုယ် Run ချင်တယ်။ အဲဒီအတွက်ညီမ ပိုက်ဆံထပ်စုမယ်။ ပီတိဖြစ်ခဲ့ရတာ ခဏလေး မကောင်းဘူး။ ဒါပေမယ့် ကိုယ်က နောက်တစ်ခုလည်း ထပ်လုပ်ချင်သေးတဲ့ ဆန္ဒက ပြင်းပြသွားတော့ အဲ့ဘက်ကိုပဲ စိတ်က ရောက်သွားတယ်” လို့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။
Photo:G Vocals
G ကတော့ အဆိုတော် သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမအရင်းဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ ရွှေနန်းတော် ရဲ့ တစ်ဦးတည်းသော သမီးဆိုလည်း မမှားပါဘူး။ ဂီတကို ဝါသနာကြီးသူဖြစ်တာကြောင့် The Voice Myanmar (Season-3) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး The Knockouts (Week 12) အဆင့်အထိ တက်လှမ်းနိုင်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိမှာလည်း ပရဟိတအလုပ်တွေ လုပ်ရင်း ကြော်ငြာရိုက်ကူးရေးတွေနဲ့ Single Song လေးတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။