မျက်လုံးတစ်ဖက်က ကွယ်ပြီး လမ်းဘေးမှာ အမှိုက်သိမ်းနေတဲ့လူငယ်လေးတစ်ယောက်ကို ကူညီပေးခဲ့တာပါ။

အဆိုတော် ဖြိုးကျော်ထိုက်ကတော့ မျက်လုံးတစ်ဖက်ကွယ်ပြီး လမ်းဘေးမှာ အမှိုက်သိမ်းတဲ့အလုပ် လုပ်ကိုင်နေတဲ့ လူငယ်လေးတစ်ယောက်အတွက် မျက်လုံးတု အလှူရှင် ရှာပေးနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ 

Photo: Phyo Kyaw Htike



အဆိုတော် ဖြိုးကျော်ထိုက်ကတော့ ပရဟိတအလုပ်လုပ်ရင်း ဆုံခဲ့ရတဲ့ လူငယ်လေး တစ်ယောက်ရဲ့အခက်အခဲကို ကူညီခွင့်ရလိုက်တယ်လို့ဆိုပါတယ်။ ဒီလူငယ်လေးကတော့ လမ်းဘေးမှာ အမှိုက်သိမ်းတဲ့ အလုပ်ကို လုပ်နေတာဖြစ်ပြီး မျက်လုံးတစ်ဖက် ကွယ်နေတာကြောင့် မျက်လုံးတု အလှူရှင် ရှာပေးနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ 

“ ဒီ ညီလေးက အမှိုက်သိမ်းတဲ့ ကောင်လေးပါ။ ကျွန်တော်တို့ နှလုံးလှလူငယ်ပရဟိတအသင်းကလည်း မီးဖိုချောင်ထွက် အမှိုက်တွေကို လိုက်သိမ်းပေးရင်းနဲ့ တစ်နေ့ကျတော့ သူ့မျက်လုံးတစ်ဖက် မရှိတာကို ကျွန်တော်က သိသွားတော့ မင်း ဘယ်လိုဖြစ်ခဲ့တာလဲ မေးတော့ သူ ၄၅ ရက်သားတုန်းက သူ့လက်နဲ့ ကုပ်မိပြီးတော့ ကွယ်သွားတာပေါ့။ အဲဒီတော့ မျက်လုံးတုလေး တက်လိုက်ရင် မျက်လုံးနှစ်ဖက် ညီသွားရင် အကုန် ကြည့်ရအဆင်ပြေတယ်ကွာဆိုတော့ သူက ကုန်ကျငွေ မတက်နိုင်ဘူး ဆိုတာနဲ့ ကျွန်တော်တို့ အသင်း ဥက္ကဌ ကိုပြောပြီးတော့ သူ့အတွက် လိုက်ပြီးတော့ အကျိုးဆောင်ပေးတယ်ပေါ့ဗျာ။ အဲဒီတော့ ကိုဝေလု နဲ့ ဆက်သွယ်ပြီးတော့ မျက်လုံး အစားထိုး တက်ပေးလိုက်နိုင်တယ်ပေါ့” လို့ Duwun ကိုပြောခဲ့ပါတယ်။ 

Photo: Phyo Kyaw Htike

ဖြိုးကျော်ထိုက် ကိုယ်တိုင်ကလည်း ကိုယ်တိုင်ကိုယ်ကျ မျက်လုံးတုဖို့ မတတ်နိုင်သေးတာကြောင့် အခုလို အလှူရှင် ရှာပေးနိုင်ခဲ့တဲ့အပေါ် ပီတိဖြစ်လို့နေပါတယ်။ 

“ လူတစ်ယောက်မှာ ကိုယ်လက်အင်္ဂါတွေထက် မျက်လုံးကဖြစ်သွားတော့ ပိုဆိုးတာပေါ့လေ။ ပြီးတော့ သူကိုယ်တိုင်ကလည်း ကြည့်ရတာ အဆင်မပြေဘူးလေ။ ပြီးတော့ ကိုယ်ကိုယ်တိုင်ဖြစ်ခဲ့ရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်၊ ငါကိုယ်တိုင်ဖြစ်လာရင်လည်း အခုလို ကူညီမယ့်သူပေါ်လာမှာပဲလေဆိုတဲ့ စိတ်ထက် သူ အဆင်ပြေသွားဖို့၊ သူ့ကိုကြည့်တဲ့သူတွေက မင်း မျက်လုံးအတုလေးနဲ့ အဆင်ပြေတယ်နော် ဆိုပြီးတော့ ပြောလာကြမှာတွေကို တွေးရင်းနဲ့ ပီတိဖြစ်တယ်။ ရှေးဘဝကုသိုလ်ဆိုတာတွေကို ခဏထား လောလောဆယ် သူများ စိတ်ချမ်းသာဖို့က ပိုအရေးကြီးပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

 

Photo: Phyo Kyaw Htike

ဖြိုးကျော်ထိုက်ကတော့ Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ အနေနဲ့ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိခဲ့သူဖြစ်သလို Single Song တွေလည်း အများကြီး ထွက်ရှိခဲ့တာ တွေ့ရပါတယ်။ သူကိုယ်တိုင် သီဆိုထားတဲ့" သစ္စာမရှိတဲ့ သစ္စာ" ဆိုတဲ့ သီချင်းက ဖြိုးကျော်ထိုက်အတွက်တော့ ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ အဲဒီနောက် The Voice Myanmar ( Season 3) ကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပြီး The Knockouts Round မှာတင် နှုတ်ဆက်ထွက်ခွာခဲ့ရသူပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က