ရဲလေးမကတော့ သူကိုယ်တိုင် ဦးဆောင်ပြီးရိုက်ကူးမယ့် ဇာတ်လမ်းတွေထဲမှာ သရုပ်ဆောင်အသစ်တွေ ထည့်သွင်းရိုက်ကူးသွားမယ်လို့ သိရပါတယ်။
Photo: Ye Lay Ma
သရုပ်ဆောင် ရဲလေးမကတော့ အနုပညာကို ဝါသနာပါတဲ့ ရွက်ပုန်းသီး အနုပညာရှင်လေးတွေကို မြေတောင်မြှောက်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အစီအစဉ်လေးရဲ့ အသေးစိတ်ကိုလည်း ရဲလေးမက အခုလို ပြောပြခဲ့ပါတယ်။
" လတ်တလောမှာ ဆယ်လီဖြစ်နေတဲ့ ညီမလေးတွေ၊ ညီလေးတွေရှိတယ်။ သရုပ်ဆောင် ဝါသနာပါတဲ့ ရွက်ပုန်းသီးကလေးတွေကို အစ်ကိုကမြေတောင်မြှောက်ပေးတဲ့ အနေနဲ့ Page လေးထောင်မယ်။ ဝါသနာပါလို့ ဒီလို ကြိုးစားနေကြတာလည်း ဖြစ်တယ်၊ လူ့ရဲ့ ကံ ၊ လူ့ရဲ့ စန်းဆိုတာ မပြောနိုင်ဘူး။ အသစ်တွေဆိုပေမယ့် သင်ပေးရမှာပဲ။ နဂိုဗီဇလေးတွေ ပါတဲ့သူတွေကတော့ ရှေ့ရောက်သွားမှာပါ။ အစ်ကို့ကို ပံ့ပိုးပေးမယ့် လူတွေလည်းရှိတယ်။ အနုပညာကို ချစ်တဲ့သူဖြစ်တာကြောင့် အစ်ကိုလည်း အလုပ်မပျက်ဖြစ်မယ်၊ နည်းနည်းများအဆင်ပြေလာမလားပေါ့နော်။ ရေရှည်အလုပ်မပျက်ရေးပေါ့နော် အဲဒီအတွက် ကမ်းလှမ်းထားတဲ့ ကလေးတွေကို သေချာစိစစ်ပြီးတော့ ဖေဖော်ဝါရီလထဲမှာ အစ်ကိုတို့ ပြန်လည်ရွေးချယ်သွားမယ်"လို့ Duwun ကိုပြောပါတယ်။
Photo: Ye Lay Ma
ဒါ့အပြင် ရဲလေးမဟာ အနုပညာလောကမှာ သူကြိုးစားလာခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ တက်သစ်စ အနုပညာဝါသနာရှင်လေးတွေကို လက်တွဲခေါ်သွားမယ်လို့ ဆိုပါတယ်။ ရွေးချယ်ခံရတဲ့ သရုပ်ဆောင်တွေအတွက် အနုပညာကြေးနဲ့ ပတ်သက်ပြီး အသေးစိတ်ကိုလည်း ဆက်လက် ပြောပြလာပါတယ်။
" အစ်ကိုဆိုလည်း ဒေါ်ထား အဖွဲ့မှာ စရောက်တုန်းက ဖြတ်လျှောက်ဘဝကနေ ရိုက်ကူးခဲ့တယ်။ အဲဒီကနေမှ စားပွဲထိုင်၊ ကျောင်းမှာထိုင်ပြီးပြောရတာတွေရှိတယ် ဒီလိုပဲ ကြိုးစားခဲ့ရတာ။ အခု အစ်ကို လုပ်ပေးတဲ့ အခွင့်အလမ်းကလည်း ဒီလိုလေးပါပဲ။ ရိုက်မယ့် ဇာတ်လမ်းလေးတွေကိုတော့ ရွေးချယ်ပြီးပြီ။ ပညာပေးဇာတ်လမ်းလေးတွေ၊ ဟာသဇာတ်လမ်းလေးတွေပါမယ်။ အနုပညာကြေးကိုတော့ အစ်ကိုက ပေးသင့် ပေးထိုက်တဲ့သူကိုတော့ ပေးမယ်။ အစ်ကို့ရဲ့ ဘတ်ဂျက်အပေါ် မူတည်ပြီး ပေးရမှာဖြစ်တဲ့အတွက် ပထမဆုံး စရိုက်တဲ့အခါမှာ နှစ်ခု သုံးခုလောက်တော့ ပေးချင်မှ ပေးနိုင်မယ်။ အစ်ကို့ကို ပံ့ပိုးပေးတဲ့ သူတွေအပေါ်လည်း မူတည်ပါတယ်။ တချို့ အချက်လေးတွေကတော့ မသေချာသေးလို့ အစ်ကို မပြောချင်သေးပါဘူး" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Ye Lay Ma
ရဲလေးမကိုတော့ ဒေါ်ထားအဖွဲ့က ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကလည်း အခုဆိုရင် ၁၀ စုနှစ်တစ်ခုကို ရောက်ရှိလို့နေပါပြီ။