မေလသံစဉ်ကတော့ နေတိုးနဲ့ အတူ သရုပ်ဆောင်ထားတဲ့ “လူကြီးကို” ဆိုတဲ့ Music Video လေး ရိုက်ဖို့အတွက် ကြိုးစားခဲ့ရတာတွေကို အခုလို ပြောပြလာပါတယ်။
Photo: Exit
မေလသံစဉ်ကတော့ သူမရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ “လူကြီးကို” ဆိုတဲ့ Music Video လေးထဲမှာ နေတိုးနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့အကြောင်းပြောပြလာပါတယ်။ ဒီသီချင်းထဲမှာ သူမကိုယ်တိုင် နေတိုးရဲ့ ပုံကို ပန်းချီဆွဲပေးခဲ့တဲ့ အမှတ်တရလေးလည်း ပါတယ်လို့ Duwun ကို ပြောပါတယ်။
“ မေလ သီချင်းက “လူကြီးကို” ဆိုတဲ့ သီချင်းဆိုတော့ သရုပ်ဆောင်ဖို့အတွက်က ကိုနေတိုး တို့အရွယ်လောက်မှ အဆင်ပြေမှာလေ။ အစကတည်းကကိုနေတိုး စတူဒီယိုမှာ အသံသွားသွင်းရင် အစ်ကိုနဲ့ MTV ရိုက်ချင်တဲ့ ဆန္ဒတော့ရှိတယ်။ ပြီးတော့ ဆရာမြင့်မိုးအောင်ကတည်း ကိုနေတိုးနဲ့ ရင်းနှီးနေတော့ အစ်ကိုနဲ့ ရိုက်ပါလားဆိုတော့ ခွင့်တောင်းလိုက်တော့ ကိုနေတိုးကလည်းရိုက်ပေးတယ်၊ သူကိုယ်တိုင်ကလည်း သီချင်းလေးကို ကြိုက်တဲ့အတွက် ရိုက်ပေးခဲ့တာပါ။ ပြီးတော့ ဒီထဲမှာ ကိုနေတိုးရဲ့ ပုံလေးကို မေလရဲ့ အဘွားနဲ့ တိုင်ပင်ပြီး ခဲ နဲ့ မေလ ဆွဲတာပေါ့နော်။ ဆေးနဲ့ ပတ်သက်တာတော့ အဘွားရဲ့ သူငယ်ချင်း ပန်းချီဆရာကြီးက ဆွဲပေးတာပါ။သီချင်းတော့ မထုတ်ရသေးဘူး” လို့ သူက ဆိုပါတယ်။
Photo: Exit
“ လူကြီးကို” ဆိုတဲ့ Music Video လေး ရိုက်နေတဲ့အချိန်မှာလည်း နေတိုးနဲ့ သူမရဲ့ ရင်းနှီးမှုတွေကို မေလသံစဉ်က အခုလို ပြောပြခဲ့ပါသေးတယ်။
“ ကိုနေတိုးက အပြင်မှာ အရမ်းခင်ဖို့ကောင်းတယ်။ အမှန်အတိုင်းပြောရရင် ငယ်ငယ်ကတည်းက မေလ အရမ်းကြိုက်ရတဲ့ အနုပညာရှင်ထဲမှာ ကိုနေတိုးလည်းပါတယ်။ သူနဲ့ စစတွေ့တော့ စကားသိပ်မပြောရဲဘူး ဒီအတိုင်းကြည့်နေရတာ။ ဒါပေမယ့် ကိုနေတိုးက မေလရဲ့ သီချင်းလေးကိုတောင် ရနေပြီ။ အနုပညာရှင်ဆိုပြီး ဟိတ်ဟန်လည်း မရှိဘူး။ မေလ က အစ်ကိုနဲ့သရုပ်ဆောင်နေတဲ့အချိန်မှာ တစ်ချက်တစ်ချက် ကြောင်သွားတာမျိုးဖြစ်မိတယ်။ သူက ဒီလိုလေးလုပ်၊ ဘယ်လိုလေးလုပ်ရင် ပိုကောင်းတယ် ဆိုတာကိုသေချာလည်း သင်ပေးတယ်” လို့ ဆိုပါတယ်။
Photo: Exit
မေလသံစဉ်ကိုတော့ Melody World 2017 သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာခဲ့တာဖြစ်ပါတယ်။ အသက်ငယ်ငယ်လေးနဲ့ အသံပါဝါအားကောင်းတဲ့ သီဆိုတတ်ပုံတွေက ပရိသတ်ကို သတိထားမိစေခဲ့ပါတယ်။ မြန်မာသံစဉ်တွေသာမက ခေတ်အကြိုက် Pop သီချင်းချိုချိုလေးတွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သီဆိုတတ်သူပါ။ ကလေး သရုပ်ဆောင် အနေနဲ့လည်း Music Video တွေ၊ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဆယ်ကျော်သက် ဂီတအနုပညာရှင် တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေ အများကြီးရရှိနေသလို ဂီတဆုတွေလည်း ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။