မူလက ဇန်နဝါရီ ၁၄ရက်မှာဖွင့်နိုင်ဖို့ မှန်းထားပေမယ့် ကိုဗစ်ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ်က လက်ကားဈေးတွေဖြစ်တဲ့ မင်္ဂလာဈေးအပါအဝင် ဈေးကြီးလေးခုကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရကတစ်ဆင့် ကိုဗစ်ဗဟိုကော်မတီကို တင်ပြထားတယ်လို့ သိရပါတယ်။

ဒါကြောင့် မူလက ဇန်နဝါရီ ၁၄ရက်မှာ ဖွင့်နိုင်ဖို့မျှော်မှန်းခဲ့ပေမယ့် လက်ရှိမှာတော့ ကိုဗစ်ဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက Duwun ကို ပြောပါတယ်။



"အခုအခြေအနေက ဈေးနဲ့ပတ်သက်ပြီး မြို့နယ်ကိုဗစ်ကော်မတီကလည်း ကွင်းဆင်းစစ်ဆေးပြီးသွားပြီ။ ရန်ကုန်တိုင်းကိုဗစ်ကော်မတီကလည်း ကွင်းဆင်းစစ်ဆေးပြီးသွားပြီ။ အဲဒီကော်မတီ ကနေတစ်ဆင့် ရန်ကုန်တိုင်းအစိုးရကို တင်တယ်။ အဲဒါ ဗဟိုကိုဗစ်ကော်မတီထိ တင်ရမယ်ပြောတယ်။ ဗဟိုကနေ ရေးဆွဲထားတဲ့ စီမံချက်တွေနဲ့ ကျလာမှ ဈေးကို ဖွင့်လို့ရမယ်ဆိုတဲ့ အနေအထား ဖြစ်ပါတယ် " လို့ မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက Duwun ကို ပြောပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်က လက်ကားဈေးတစ်ခုဖြစ်တဲ့ ယုဇနပလာဇာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပေမယ့် မင်္ဂလာဈေးနဲ့ဆက်စပ်ဈေးတွေ ပြန်လည်မဖွင့်လှစ်နိုင်သေးတဲ့အပေါ်မှာတော့ ယုဇနပလာဇာက ပုဂ္ဂလိကပိုင်ဖြစ်ပြီး ဈေးတွေကတော့ သက်ဆိုင်ရာဌာနတွေရဲ့ အဆင့်ဆင့် လမ်းညွှန်မှုနဲ့ဆောင်ရွက်ရတာကြောင့် ဖြစ်တယ်လို့ ဦးလှဌေးက ဆိုပါတယ်။

"ပလာဇာက ပုဂ္ဂလိကပိုင်တာဖြစ်တယ်။ ပုဂ္ဂလိကပိုင်တာဖြစ်တဲ့ စင်တာတို့ ပလာဇာတို့ မီနီမတ်တို့ အဲဒါတွေက ဖွင့်လို့ရတယ်။ ဈေးဆိုတာကျ သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ လက်အောက်မှာ ရှိတယ်။ စည်ပင်သာယာရေးကော်မတီကလည်း သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြီးတော့မှ အဆင့်ဆင့် လမ်းညွှန်ချက်ရမှ ဈေးကို ဖွင့်နိုင်တဲ့အခြေအနေပါ။ အခု ကိုဗစ် ဗဟိုကော်မတီကိုက တင်ပြထားပြီးပါပြီ။ မကြာခင်ရမယ်လို့တော့ မှန်းပေမယ့် အတိအကျတော့ မပြောနိုင်သေးပါဘူး " လို့ ဦးလှဌေးက ပြောပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးအပါအဝင် ရွှေမင်္ဂလာဈေး၊ရွှေပြည့်စုံဈေး ၊ မင်္ဂလာမွန်ဈေးတွေကို ကို ကိုဗစ်၁၉ရောဂါကူးစက်မှုမြင့်တက်လာတဲ့ စက်တင်ဘာလက စပြီး ယာယီပိတ်သိမ်းခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က