နီနီခင်ဇော်ကတော့ ဂီတလောကထဲကို မဝင်ရောက်ခင်က ကျောင်းသူဘဝမှာ ကိုယ်ကာယအလှမယ်ပြိုင်ပွဲတွေ ဝင်ခဲ့ဖူးတဲ့ အမှတ်တရလေးကို အခုလို ပြောပြလာပါတယ်။
Photo: Ni Ni Khin Zaw
နီနီခင်ဇော်ကတော့ အထက်တန်းကျောင်းသူဘဝတုန်းက ကိုယ်ကာယအလှမယ် တစ်ယောက်အဖြစ် ပြိုင်ပွဲတွေ ဝင်ခဲ့ရတယ်လို့ ဆိုပါတယ်။ မိခင်ဖြစ်သူကလည်း တိုက်တွန်းအားပေးခဲ့သေးတယ်လို့လည်း သူက ပြောပါတယ်။
" သန်မာထွားကြိုင်းတယ် ယှဉ်တကိုယ်မယ်။ အစချီတဲ့သီချင်းလေးနဲ့ ၂၀၀၅-၂၀၀၆ ခုနှစ်က ပရိသတ်တွေမမြင်ဖူးသေးတဲ့ အထက်တန်းကျောင်းသူဘဝ အမှတ်တရပုံလေးတွေပါ။ ကျောင်းသူဘဝထဲက အားကစားလုပ်ဖို့မေမေက တိုက်တွန်းပေးခဲ့ပါတယ်။ ရေကူး၊ ကိုယ်ကာယအလှ တွေဆော့ခဲ့ရတယ်။ ၂၀၀၇ ဆယ်တန်းပြီးမှ Melody World အဆိုပြိုင်ပွဲစပြိုင်ဖြစ်တာပါ(ပြိုင်ပွဲတွေပြိုင်ဖူးသမျှ ရဖူးခဲ့တဲ့အမှတ်တရဆုတွေထဲမှာမှ တစ်ချိန်တခါက ကာယအလှမယ်ဆိုတဲ့ပြိုင်ပွဲလေးတွေလည်းအများကြီးပြိုင်ခဲ့ဖူးလေရဲ့) အခုတော့ သီချင်းအသစ်တွေအသံသွင်းနေတယ်။ ကျန်တာမသိတော့ဘူး" ဆိုပြီးတော့ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: Ni Ni Khin Zaw
နီနီခင်ဇော်ဟာ ကိုယ်ကာယအလှမယ် ပြိုင်ခဲ့တုန်းက အမှတ်တရလေးတွေလည်း ပြောခဲ့သလို ပရိသတ် မမြင်ဖူးသေးတဲ့ သူမရဲ့ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။ ဒီဓာတ်ပုံတွေထဲမှာတော့ နီနီခင်ဇော်ဟာ ကိုယ်ကာယအလှမယ် (ပထမ ဆု) ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ လှပတဲ့ မျက်နှာ အမူအရာတွေ သွယ်လျတောင့်တင်းတဲ့ ခန္ဓာကိုယ်အချိုးအစားတွေကြောင့် နီနီခင်ဇော်က တစ်မျိုးလေးလှနေခဲ့တာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ သူဝါသနာပါတဲ့ ဂီတအလုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ဆောင်နေတာ တွေ့ရပါတယ်။
Photo: KMA
နီနီခင်ဇော်ဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ(၁၃) ရက်နေ့မှာ ဂီတသက်တမ်း (၁၂) နှစ်ပြည့်ခဲ့ပါပြီ။ သူမကတော့ Melody World 2008 ခုနှစ် သီချင်းဆို ပြိုင်ပွဲကနေ တဆင့် မြန်မာပြည်ရဲ့ဂီတလောကတွင် ထင်ရှားလာပြီး နိုင်ငံတကာထိ ထင်ရှားကျော်ကြားသော ဂီတပညာရှင် တစ်ဦးအဖြစ် Best in Music ဆိုတဲ့ ခေါင်းစဉ်အောက်က Myanmar’s Pride Award 2019 ဆုကိုလည်း နီနီခင်ဇော်က ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူမဟာ ဂီတနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာ ရရှိထားတဲ့ ဆုတွေနဲ့ ပြည်ပက ချီးမြှင့်ထားတဲ့ ဆုတွေ အပါအဝင် ဆု စုစုပေါင်း (၁၃) ဆု ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။