အရှေ့တောင်အာရှဒေသတွင်း ဖိလစ်ပိုင်နိုင်ငံမှာ ဗြိတိန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ပြည်တွင်းကူးစက်မှုတွေ့ရကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။
(Photo: Reuters)
ပိုမိုကူးစက်မြန်တဲ့ ဗိုင်းရပ်စ်အသစ် ကူးစက်မှုတွေ့လာရတာကြောင့် ကလေးတွေကို အိမ်အပြင်ထွက်ခွင့်ပြုရန် စီစဥ်ထားမှုအား သမ္မတဒူတာတေးက ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။ "အခုဆိုရင် ကျွန်မတို့မှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုရှိနေပါတယ်" လို့ ကျန်းမာရေး လက်ထောက်ဝန်ကြီး Maria Rosario Vergeire က ANC သတင်းဌာနကို ယနေ့ (ဇန်နဝါရီ ၂၆ ရက်) ပြောပါတယ်။
ဒါဇင်နဲ့ချီတဲ့ ကမ္ဘာ့နိုင်ငံတွေက ခရီးသွားလာမှု တားမြစ်ပိတ်ပင်ခြင်း၊ lockdown ပြန်လုပ်ခြင်းနဲ့ တင်းကြပ်တဲ့ အသွားအလာကန့်သတ် နေထိုင်စေခြင်းတို့ လုပ်ဆောင်နေပေမဲ့ ဗြိတိန်မှာစတင်တွေ့ရတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရပါတယ်။ ထိုဗိုင်းရပ်စ်အသစ်ဟာ ပိုမိုကူးစက်နိုင်ရုံသာမက သေဆုံးမှုနှုန်းလည်း ပိုများနိုင်မှုအပေါ် စိုးရိမ်ပူပန်နေကြပါတယ်။
(Photo: Reuters)
ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ B117 လို့ အမည်ပေးထားတဲ့ ဗြိတိန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂ ဦးကို နိုင်ငံမြောက်ပိုင်း တောင်တန်းထူထပ်တဲ့ Bontoc ပြည်နယ်မှာ စစ်ဆေးတွေ့ရှိရကြောင်းနဲ့ စုစုပေါင်း ထိုဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၇ ဦးရှိလာတယ်လို့ သိရပါတယ်။
မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ပထမဆုံးကူးစက်မှုအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ ရောက်ရှိလာတဲ့ ဖိလစ်ပိုင်လူမျိုးတစ်ဦးထံမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ ဗြိတိန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်မှုူတွေကြောင့် ကူးစက်မှုအန္တရာယ်နည်းတဲ့ ဧရိယာများမှ အသက် ၁၀ နှစ်မှ ၁၄ နှစ်အရွယ် ကလေးတွေကို ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစပြီး အိမ်အပြင်ထွက်ခွင့်ပြုရန် မူလအစီအစဥ်အား ဖျက်သိမ်းလိုက်ကြောင်း သမ္မတဒူတာတေးက ပြောခဲ့ပါတယ်။
(Photo: Reuters)
ဖိလစ်ပိုင်ဟာ COVID-19 ကူးစက်မှုထိန်းချုပ်ရေး ပြည်တွင်းခရီးသွားလာမှု တားမြစ်ပိတ်ပင်ခြင်း အပါအဝင် အပြင်းထန်ဆုံး စည်းမျဥ်းကန့်သတ်ချက်တွေ ထုတ်ပြန်ထားတဲ့ ကမ္ဘာ့နိုင်ငံများအနက် ပါဝင်ပါတယ်။ ဖိလစ်ပိုင်အစိုးရက ယမန်နှစ် မတ်လကတည်းကစပြီး ကလေးတွေကို အိမ်အပြင်မထွက်ရန် တားမြစ်ချက်ထုတ်ထားခဲ့ပါတယ်။
"ဒီ ဗိုင်းရပ်စ်အသစ်က ကလေးငယ်တွေကို တိုက်ခိုက်တာကြောင့် ကျွန်တော် စိုးရိမ်ပါတယ်၊ သူတို့ တစ်နေ့လုံး တီဗီကြည့်နေနိုင်တာပေါ့" လို့ ဖိလစ်ပိုင်သမ္မတဒူတာတေးက ယမန်နေ့ (ဇန်နဝါရီ ၂၅ ရက်) နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှမှာ အင်ဒိုနီးရှားပြီးပါက COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံဖြစ်နေပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၅၁၅,၀၀၀ နီးပါးနဲ့ သေဆုံးသူ ၁၀,၂၀၀ ကျော်ရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။