ယခုနှစ်မှာ အိန္ဒိယစီးပွားရေး အကြီးဆုံး တိုးတက်မှုဖြစ်လာမယ်လို့ IMF က ဆိုပါတယ်။

COVID-19 ကာကွယ်ဆေးများ ပေါ်ထွက်လာခြင်းက ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူမှုကို အားဖြည့်ပေးလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF) က ဇန်နဝါရီ ၂၆ ရက်နေ့မှာ ခန့်မှန်းပြောကြားပါတယ်။

(Photo: Reuters)

ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးဆုံးနှစ်အဖြစ် ၂၀၂၀ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးဟာ ၃.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီးနောက် ယခုနှစ်မှာ ၅.၅ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ အဖွဲ့ဝင်နိုင်ငံ ၁၉၀ ပါဝင်တဲ့ IMF က ခန့်မှန်းထားပါတယ်။ ယမန်နှစ် အောက်တိုဘာလအတွင်းမှာ IMF က ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး ၅.၂ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ခန့်မှန်းထားခဲ့ရာမှာ ယခုနောက်ဆုံး ခန့်မှန်းချက်မှာတော့ ၅.၅ ရာခိုင်နှုန်းအဖြစ် ပြင်ဆင်ခဲ့ပါတယ်။



ယခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှုဟာ ဘဏ္ဍာရေးအကြပ်အတည်းကနေ ပြန်လည်ရုန်းထွက်ခဲ့တဲ့ ၂၀၁၀ ခုနှစ်နောက်ပိုင်း အမြန်ဆုံးဖြစ်လာမယ်လို့လည်း ဆိုပါတယ်။ ကာကွယ်ဆေးတွေက COVID-19 ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်သင့်ပြီး ကမ္ဘာတစ်ဝန်း အစိုးရတွေအနေနဲ့ lockdown များ ဖြေလျှော့လာပြီး ပုံမှန် စီးပွားရေးလှုပ်ရှားမှု ပြန်လည်လုပ်ဆောင်ရန် အားပေးလာကြမှာ ဖြစ်ပါတယ်။

(Photo: Reuters)

သို့သော် ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းတွေဟာ ကပ်ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုတွေကို ကုစားရန် အစိုးရများထံမှ အကူအညီ လိုအပ်လိမ့်မယ်လို့လည်း IMF က ပြောခဲ့ပါတယ်။ ထို့အတူ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်တွေက ကမ္ဘာတစ်ဝန်း ကျန်းမာရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အလားအလာကို မှေးမှိန်စေနိုင်ကြောင်း IMF က သတိပေးထားပါတယ်။

IMF က အသစ်မွမ်းမံပြင်ဆင်ထားတဲ့ World Economic Outlook မှာ ဖော်ပြထားမှုအရ ကမ္ဘာ့အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်စီးပွားရေးဟာ၂၀၂၀ ခုနှစ်မှာ ၃.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက် ယခုနှစ်မှာ ၅.၁ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ဆိုပါတယ်။ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်ရဲ့စီးပွားရေးကတော့ ၂၀၂၀ ခုနှစ်မှာ ၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှာ ယခုနှစ်မှာ ၈.၁ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ IMF က ခန့်မှန်းထားပါတယ်။

(Photo: AP)

ယူရိုငွေကြေးသုံးစွဲကြတဲ့ ဥရောပမှ ၁၉ နိုင်ငံရဲ့ စီးပွားရေးဟာလည်း ၂၀၂၀ ခုနှစ်မှာ ၇.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ရာမှ ယခုနှစ်မှာ ၄.၂ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာလည်း ၂၀၂၀ ခုနှစ်က ၅.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီးနောက် ယခုနှစ်မှာ ၃.၁ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ IMF က ပြောပါတယ်။

IMF ရဲ့ နိုင်ငံအလိုက် စီးပွားရေးတိုးတက်မှုကို ခန့်မှန်းထားရာမှာ အိန္ဒိယစီးပွားရေးဟာ အကြီးဆုံး တိုးတက်မှုဖြစ်လာမယ်လို့ ဆိုပါတယ်။ အိန္ဒိယစီးပွားရေးဟာ ၂၀၂၀ မှာ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ရာမှာ ယခုနှစ်မှာတော့ ၁၁.၅ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ IMF က ခန့်မှန်းထားပါတယ်။ IMF က ကမ္ဘာ့ကုန်သွယ်မှုကိုလည်း ပြန်တိုးတက်လာမယ်လို့ ခန့်မှန်းထားရာ ယမန်နှစ်က ၉.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခုနှစ်မှာ ၉.၆ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က