ဒီနေ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးစတင်ထိုးပေးတာဖြစ်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံမှာ ကျန်းမာရေးပြည်ထောင်စုဝန်ကြီးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ကိုဗစ်ကာကွယ်ဆေးထိုးတာကို လာရောက်ကြည့်ရှုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးရောက်ရှိလာပြီး စတင်ထိုးပေးနေပြီဆိုပေမယ့် ဆေးတွေအားလုံးချက်ချင်း ရောက်ရှိလာမှာမဟုတ်တဲ့အပြင် အကန့်အသတ်နဲ့ဝယ်ယူရတာကြောင့် လိုချင်တိုင်းမရနိုင်တဲ့အတွက် ပေါ့ဆမသွားကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကုတင်တစ်ထောင်ဆေးရုံမှာ မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ- ဆူးနစ်(NPT) ( နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံဝန်းအတွင်း ကျန်းမာရေးဝန်ကြီးများကို ယနေ့ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံခြင်း)
“ဒီကြားထဲမှာသတိထားဖို့လိုမယ်။ တချို့တွေကနည်းနည်းပေါ့သွားမှာကိုစိုးရိမ်တယ်။ ဆေးတွေရောက်လာပြီ။ ဆေးတွေ ရောက်လာပြီဆိုတာ ချက်ချင်းနဲ့အားလုံးရောက်လာမှာမဟုတ်ဘူး။ စောင့်ရဦးမယ်။ ကိုယ့်နိုင်ငံကနေထုတ်တယ် ဆိုရင်တစ်မျိုးပေါ့။ ကြိုက်သလောက်သုံးလို့ရတာပေါ့။အခုက အခြားနိုင်ငံက တင်သွင်းရတာ။ အားလုံးက ဝိုင်းပြီးပြန်ဝယ်နေတာ။ ကိုယ်လိုချင် သလောက်လည်း ဖြစ်ခွင့်ရမှာမဟုတ်ဘူး။ နိုင်ငံတော်ကတော့ ပေးမှာပဲ ။ ။ဘယ်လောက်ပဲပေးရပေးရ ပေးမှာဘဲ။ ပစ္စည်းရှိမှလည်း ရမှလည်းရမှာ။ ဒီအချိန်မှာသတိထားစေချင်တယ်။ အခုဆို ကူးစက်နှုန်းကလည်းကျလာပြီဖြစ်တယ်။ အဲဒါကိုဆက် ထိန်းထားစေချင်တယ် “ လို့ အတိုင်ပင်ခံက ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ပြည်သူအချို့က စိုးရိမ်နေတာဟာ အတွေ့အကြုံမရှိသေးတဲ့အတွက် စိုးရိမ်နေတာ သဘာဝကျပေမယ့် ဘေးထွက်ဆိုးကျိုးအနည်းငယ်ကတော့ သာမန် ကာကွယ်ဆေးထိုးရင်တောင် ဖြစ်တတ်တဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေကိုလည်း အသိပေးပြီးဖြစ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုပါတယ်။
“အနာရင်းတာတို့ ၊ ဒါမှမဟုတ် ကိုက်တာခဲတာ ဖျားချင်တာတို့ ဒါက သာမန်ကာကွယ်ဆေး ထိုးရင်တောင်ဖြစ်တတ်ပါတယ်။ ဒါကတော့ အခုဆိုရင် နာရီဝက်လောက်စောင့်ရတယ်။ ဒီကြားထဲမှာရောဂါလက္ခဏာတွေဘာတွေပြလဲကြည့်ပေးမှာပေါ့။ အားလုံးထိုးပြီး နာရီဝက်ထားမယ်။ ထားပြီးတော့ ပြန်ကြည့်မယ်။ ကြည့်ပြီးတော့ သူ့အခြေအနေကိုမေးကြည့်တယ်မယ်။ နောက်ဒီကြားထဲမှာလည်း စာရွက်ကလေးတွေထုတ် ပေးထားတယ်လေ။ ဘယ်လို ဘယ်လိုရောဂါလက္ခဏာဖြစ်လာပြီဆို စိတ်ပူစရာမလိုဘူး။ ဒါမှမဟုတ် စိတ်ပူစရာလိုတယ်လို့ ကိုယ်ဟာကိုယ် လည်းကြိုသိအောင် “ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဓာတ်ပုံ- ဆူးနစ်(NPT) ( နေပြည်တော်ကုတင်တစ်ထောင်ဆေးရုံဝန်းအတွင်း ကျန်းမာရေးဝန်ကြီးများကို ယနေ့ ကိုဗစ်ကာကွယ်ဆေးစတင်ထိုးနှံခြင်း)
မြန်မာနိုင်ငံမှာ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများနဲ့ စေတနာ့ဝန်ထမ်းများအား ဒီနေ့ ဇန်နဝါရီ ၂၇ရက်မှ စတင်ကာ ထိုးနှံပေးမှာဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ဇန်နဝါရီ ၂၉ရက် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို ဇန်နဝါရီ ၃၀ရက် ၊ အဲဒီနောက်မှာတော့ ဖေဖော်ဝါရီ ၅ရက်က စတင်ပြီး ပြည်သူတွေနဲ့အတူ ပြည်ထောင်စုအဆင့်၊တိုင်းဒေသကြီး/ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်တွေကို ထိုးနှံပေးခြင်းဖြင့် နိုင်ငံတစ်ဝန်း ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံက ပေးအပ်တဲ့ ကာကွယ်ဆေး (၁.၅)သန်းရောက်ရှိနေတာဖြစ်ပြီး မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ကာကွယ်ဆေးတွေထဲက (၂)သန်းခန့်ကတော့ ဖေဖော်ဝါရီ ပထမပတ်မှာ ရောက်ရှိလာမှာဖြစ်တယ်လို့ သိရပါတယ်။