ကာကွယ်ဆေးထိုးတဲ့ အစီအစဥ်ကို Oxford-AstraZeneca ကာကွယ်ဆေး ၅၀,၀၀၀ ဖြင့် စတင်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက လာမယ့် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှာ COVID-19 ကာကွယ်ဆေးထိုးမှုအစီအစဥ် ပထမအဆင့် စတင်သွားမှာဖြစ်ပြီး လူဦးရေ ၁၉ သန်းကို ထိုးပေးသွားမယ်လို့ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက ဇန်နဝါရီ ၂၇ ရက်နေ့မှာ ပြောကြားပါတယ်။

(Photo: Reuters)

ထိုင်းအစိုးရဟာ ကာကွယ်ဆေးထိုးရန် စီမံဆောင်ရွက်မှု နှေးကွေးနေကြောင်း ‌‌ဝေဖန်မှုတွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။ COVID-19 ကာကွယ်ဆေးထိုးတဲ့ အစီအစဥ်ကို ဗြိတိန်ထုတ် Oxford-AstraZeneca ကာကွယ်ဆေး ၅၀,၀၀၀ ဖြင့် စတင်သွားမယ်လို့ ဝန်ကြီးချုပ်ပရာယွတ်က ဆိုပါတယ်။ ကာကွယ်ဆေးထိုးမှုအစီအစဥ် ပထမအဆင့် အချိန်ကာလကိုတော့ ဝန်ကြီးချုပ်က မပြောခဲ့ပါဘူး။



ထိုင်းနိုင်ငံက မေလအရောက်မှာ Oxford-AstraZeneca ကာကွယ်ဆေး ၁၅၀,၀၀၀ လက်ခံရရှိသွားမယ်လို့ သိရပါတယ်။ အစိုးရဝက်ဘ်ဆိုက်မှာ ထုတ်လွှင့်ခဲ့မှုအတွင်း ဝန်ကြီးချုပ်ပရာယွတ်က COVID-19 နဲ့ ဆက်နွယ်နေတဲ့ ပြဿနာတွေကို ပြည်သူတွေ တောင်းဆိုတဲ့အတိုင်း အလျင်အမြန် မဖြေရှင်းပေးခြင်းအတွက် တောင်းပန်ခဲ့ပါတယ်။

(Photo: Reuters)

"တစ်ယောက်ကိုတစ်ယောက် အပြစ်တင်နေခြင်းက ပြဿနာတွေကို မဖြေရှင်းနိုင်ပါဘူး" လို့လည်း ပရာယွတ်က ပြောခဲ့ပါတယ်။ ထိုင်းအစိုးရက COVID-19 ကာကွယ်ဆေးထိုးပေးရန် စီစဥ်ထားတဲ့ လူဦးရေ ၁၉ သန်းအနက် အသက် ၆၀ နှစ်အထက် ၁၁ သန်းနဲ့ ရောဂါအခံရှိသူ ၆.၁ သန်း ပါဝင်မယ်လို့ ဆိုပါတယ်။

နောက်ထပ် ၁.၇ သန်းကတော့ ကျန်းမာရေးဝန်းထမ်းတွေဖြစ်ပြီး ကပ်ရောဂါတိုက်ဖျက်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ အစိုးရဝန်ထမ်း ၁၅,၀၀၀ ကိုလည်း ကာကွယ်ဆေးထိုးပေးသွားမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကိုတော့ COVID-19 ကာကွယ်ဆေးထိုးပေးမှာမဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ပြောပါတယ်။

(Photo: Reuters)

ထိုင်းနိုင်ငံမှာ စုစုပေါင်း လူဦးရေရဲ့ ငါးပုံတစ်ပုံဟာ အသက် ၁၈ နှစ်အောက်တွေ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးမှုအစီအစဥ် အချိန်ကာလဟာ ဆေးရုံတွေက ကာကွယ်ဆေးထိုးပေးနိုင်မှုနဲ့ ကာကွယ်ဆေးများ လက်ခံရရှိမှုအပေါ် မူတည်နေကြောင်း ထိုင်းအစိုးရရဲ့ COVID-19 ကာကွယ်ဆေး စီမံခန့်ခွဲမှုကော်မတီ အကြီးအကဲ Sophon Mekthon က Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံက ပြည်တွင်းကုမ္ပဏီ Siam Biosience မှာ ထုတ်လုပ်သွားမယ့် Oxford-AstraZeneca ကာကွယ်ဆေး ၂၆ သန်းနဲ့ တရုတ်ကုမ္ပဏီ Sinovac ထံမှ ကာကွယ်ဆေး ၂ သန်းရရှိရန် သဘောတူညီစာချုပ် ချုပ်ဆိုထားပါတယ်။ ထို့အတူ ဗြိတိန်အခြေစိုက် AstraZeneca ကုမ္ပဏီထံမှလည်း ကာကွယ်ဆေး ၃၅ သန်းကို ထိုင်းအစိုးရက ကြိုတင်မှာကြားထားတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ထိုင်းနိုင်ငံက COVID-19 ကာကွယ်ဆေးတွေကို ကနဦးမှာ ပြည်ပမှ ဝယ်ယူတင်သွင်းသွားမှာ ဖြစ်ပေမဲ့ လာမယ့် ဇွန်လမှာတော့ ပြည်တွင်းမှာ ထုတ်လုပ်သွားရန်ရှိကြောင်း Sophon Mekthon ပြောပါတယ်။ ထိုင်းအာဏာပိုင်တွေက လူဦးရေ ၃၁.၅ သန်းကို ကာကွယ်ဆေးထိုးပေးသွားမယ်လို့ ဆိုပါတယ်။

ထိုအတောအတွင်း ထိုင်းမှာ COVID-19 ပြည်တွင်းကူးစက်မှုတွေ ကျဆင်းသွားတာကြောင့် စာသင်ကျောင်းအများစုကို လာမယ့် သီတင်းပတ်အတွင်း ပြန်ဖွင့်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၅,၄၆၅ ဦးနဲ့ သေဆုံးသူ ၇၆ ဦးရှိခဲ့ကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က