ထောင်ဒဏ်ချမှတ်ခဲ့တဲ့အပြင် ကြိမ်ဒဏ် ၂၄ ချက်လည်း ချမှတ်ခဲ့ပါတယ်။

မလေးရှားမှာ ၎င်းရဲ့မယားပါသမီးကို နှစ်နှစ်အတွင်း ၁၀၅ ကြိမ် မုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသားတစ်ဦးအား တရားရုံးက ထောင်ဒဏ် နှစ်ပေါင်း ၁,၀၅၀ ချမှတ်လိုက်ကြောင်း သိရပါတယ်။

(Photo: Bernama)

မလေးရှားတရားရုံးက အမည်မဖော်ပြတဲ့ ထိုအမျိုးသားကို ဇန်နဝါရီ ၂၇ ရက်နေ့မှာ ထောင်ဒဏ်ချမှတ်ခဲ့တဲ့အပြင် ကြိမ်ဒဏ် ၂၄ ချက်လည်း ချမှတ်ခဲ့ပါတယ်။ တရားသူကြီး M Kunasundary က တရားခံကို စွဲချက်တင်ခဲ့တဲ့ မုဒိမ်းမှုတစ်ခုစီအတွက် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပြီး ပြစ်ဒဏ်တွေကို ၎င်းအား ဖမ်းဆီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှစပြီး တစ်ဆက်တည်းကျခံရန် အမိန့်ချခဲ့တယ်လို့ ဆိုပါတယ်။



ထိုအမျိုးသားအား ပြစ်ဒဏ်ချမှတ်တဲ့ တရားခွင်ဟာ စွဲချက်တင်ထားတဲ့ မုဒိမ်းမှုတစ်ခုစီကို ရုံးတော်သို့ သီးခြားစီ ဖတ်ကြားတင်သွင်းခဲ့ရာ ငါးနာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ ယခုပြစ်မှုဟာ ကြီးလေးတဲ့အပြင် စက်ဆုပ်ဖွယ်ရာဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ရဲ့ အနာဂတ်ကို ထိခိုက်နစ်နာစေခဲ့ကြောင်း တရားသူကြီး Kunasundary က ပြောခဲ့ပါတယ်။

(Photo: NST)

"ရှင် ထောင်ထဲမှာ နောင်တရမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်၊ ပြစ်ဒဏ်ဟာ အနိမ့်ဆုံးဖြစ်ပေမဲ့ အကြမ်းဖက်လုပ်ရပ်ကို ရှင် မလုပ်သင့်ပါဘူး၊ ရုံးတော်အနေနဲ့ ရှင်ကို စွဲချက်တင်ထားတဲ့ အရေအတွက်အပေါ် ဒါက လုံလောက်တဲ့ ပြစ်ဒဏ်ဖြစ်တယ်လို့ ယူဆပါတယ်" လို့ တရားသူကြီးက ဆိုပါတယ်။

အလုပ်လက်မဲ့ဖြစ်တဲ့ ထိုအမျိုးသားဟာ Selangor ပြည်နယ် Petaling Jaya မြို့ Sungai Way ဆင်ခြေဖုံးအရပ်ရှိ နေအိမ်မှာ ၎င်းရဲ့ မယားပါသမီးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၅ ရက်မှ ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီ ၂၄ ရက်အထိ အကြိမ်ပေါင်း ရာနဲ့ချီ မုဒိမ်းကျင်ခဲ့မှုဖြင့် စွဲချက်တင်ခံခဲ့ရပါတယ်။ အစိုးရရှေ့နေ Nurul Qistini Qamarul Abrar က အစောပိုင်းမှာ ထိုအမျိုးသားအား ကြီးလေးတဲ့ပြစ်ဒဏ်နဲ့ အမြင့်ဆုံး ကြိမ်ဒဏ်များ ချမှတ်ရန် ရုံးတော်သို့ တိုက်တွန်းခဲ့ပြီး ယခုအမှုအပေါ် အများပြည်သူ စိတ်ဝင်တစားရှိခဲ့ကြပါတယ်။

(Map: Google)

"ဒီအမှုမှာ ကလေးမလေးက ပထမဆုံး မုဒိမ်းကျင့်ခံရချိန်မှာ အသက် ၁၂ နှစ်အရွယ် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် သူမကို အချိန်နှစ်နှစ်အတွင်း ၁၀၅ ကြိမ် မုဒိမ်းကျင့်ခဲ့ပါတယ်" လို့ အစိုးရရှေ့နေက ပြောပါတယ်။ ပြစ်ဒဏ်ချမှတ်ခံရတဲ့ အမျိုးသားက ပြစ်ဒဏ်ကို အယူခံမဝင်ခဲ့ကြောင်း သိရပါတယ်။ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေးငယ်ရဲ့ မိဘတွေဟာ ၂၀၁၅ ခုနှစ်မှာ ကွာရှင်းခဲ့ကြပြီးနောက် မိခင်ဖြစ်သူက ယခု ပြစ်ဒဏ်ချမှတ်ခံရတဲ့ အမျိုးသားနဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

မုဒိမ်းမှုဖြစ်ပွားခဲ့စဥ် နေအိမ်မှာ မိန်းကလေးငယ်နဲ့ ထိုအမျိုးသား နှစ်ဦးတည်းသာရှိနေခဲ့ပြီး မိန်းကလေးငယ်ဟာ ရိုက်နှက်ခံရမယ်လို့ ခြိမ်းခြောက်ခံထားရတာကြောင့် သူမရဲအဖြစ်ကို မည်သူ့ကိုမျှ ထုတ်မပြောခဲ့ပါဘူး။ နောက်ပိုင်းမှာ မိခင်က မိန်းကလေးငယ်နဲ့ သူမရဲ့ညီမတို့ကို အဒေါ်တော်စပ်သူထံ ခေါ်သွားခဲ့ချိန်မှသာ မုဒိမ်းကျင့်ခံရကြောင်း ထုတ်ဖော်ပြောခဲ့တယ်လို့ Bernama သတင်းဌာနက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က