အစွန်းရောက်တွေက အစိုးရတာဝန်ရှိသူတွေနဲ့ အစိုးရအဆောက်အအုံတွေကို တိုက်ခိုက်လာနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်မှာ ဒီမိုကရက်တစ်ဦးဖြစ်သူ ဂျိုးဘိုင်ဒန်ကို သမ္မတအဖြစ် လက်မခံကြတဲ့ အစိုးရဆန့်ကျင်ရေး ပြည်တွင်း အစွန်းရောက်များထံမှ အကြမ်းဖက်လာနိုင်တဲ့ အလားအလာ ခြိမ်းခြောက်မှုမြင့်တက်နေတာကြောင့် ပြည်တွင်းလုံခြုံရေးဌာနက တစ်နိုင်ငံလုံးကို ဇန်နဝါရီ ၂၇ ရက်နေ့မှာ အကြမ်းဖက်မှု သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

(Photo: AFP)

အစွန်းရောက်တွေက ရွေးကောက်ခံ အစိုးရတာဝန်ရှိသူတွေနဲ့ အစိုးရအဆောက်အအုံတွေကို တိုက်ခိုက်လာနိုင်ကြောင်း သတိပေးချက်မှာ ပြောထားပါတယ်။ သို့သော် ထိုသို့ တိုက်ခိုက်ရန်စီစဥ်နေကြောင်း သတင်းအချက်အလက်မရှိထားဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ လွှတ်တော်အဆောက်အအုံကို ဒေါ်နယ်ထရန့်လိုလားသူတွေက ဆူပူအုံကြွ စီးနင်းခဲ့ကြတဲ့ဖြစ်ရပ်ဟာ အစွန်းရောက်အချို့ကို ရဲဆေးတင်ပေးသလို ဖြစ်ခဲ့ကြောင်း ပြည်တွင်းလုံခြုံရေးဌာနက ပြောပါတယ်။



ကယ်လီဖိုးနီးယားပြည်နယ် အာဏာပိုင်တွေက ထရန့်လိုလားသူတစ်ဦးနဲ့ လက်ယာစွန်းရောက် လက်နက်ကိုင်အုပ်စုရဲ့ နောက်လိုက်တစ်ဦးကို အိမ်လုပ်ပိုက်လုံးဗုံးငါးလုံး လက်ဝယ်တွေ့ရှိမှုဖြင့် စွဲချက်တင်ခဲ့ပြီးနောက် ပြည်တွင်းလုံခြုံရေးဌာနရဲ့ သတိပေးချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ၎င်းဟာ ဒီမိုကရက်တွေကို တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။

(Photo: AFP)

အမေရိကန်မှာ ဘိုင်ဒန် အနိုင်ရရှိတဲ့ ၂၀၂၀ သမ္မတရွေးကောက်ပွဲရလဒ်ကို အတည်ပြုရန် ဇန်နဝါရီ ၆ ရက်နေ့က ကွန်ဂရက်လွှတ်တော် အစည်းအဝေးကျင်းပစဥ် ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းမှုဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။

ိုဖြစ်ရပ်နဲ့ ဆက်စပ်ပြီး ထရန့်ကို စွပ်စွဲပြစ်တင်ပြီး လှုံ့ဆော်မှုဖြင့် စွဲချက်တင်ရန် အောက်လွှတ်တော် (House of Representative) က မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

ထရန့်ကို စွဲချက်တင်မှုအား အထက်လွှတ်တော် (Senate) မှာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့မှစပြီး ဆက်လက် ကြားနာဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ထရန့်ဟာ လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွ စီးနင်းမှုမတိုင်မီ အိမ်ဖြူတော်အပြင်ဘက်မှ ထောင်နဲ့ချီတဲ့ ၎င်းအားထောက်ခံသူတွေကို ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး လက်မခံကြောင်းနဲ့ ကန့်ကွက်ဆန့်ကျင်ရန် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Al Drago/Reuters)

ထို့နောက် ထရန့်လိုလားသူတွေက လွှတ်တော်သို့ စုရုံးချီတက်ကြပြီး လုံခြုံရေးတွေကို စီးနင်းထိုးဖောက်ကာ လွှတ်တော်အဆောက်အအုံအတွင်း ဝင်ရောက်နေရာယူခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အပြီး ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သမ္မတဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကိုလည်း အစောင့်တပ်ဖွဲ့မှ စစ်သား ၂၅,၀၀၀ ဖြင့် လုံခြုံရေးတင်းကြပ်ထားခဲ့ပါတယ်။ ထိုစစ်သားများအနက် အနည်းဆုံး ၅,၀၀၀ ကို ဝါရှင်တန်ဒီစီမြို့တော်မှာ မတ်လလယ်အထိ ဆက်လက် ဖြန့်ကျက်ချထားမယ်လို့ အစောပိုင်းက စီစဥ်ထားခဲ့ပါတယ်။

ဧပြီလအထိ ထုတ်ပြန်ထားတဲ့ ပြည်တွင်းလုံခြုံရေးဌာနရဲ့ သတိပေးချက်အရ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး ရက်သတ္တပတ်များအတွင်း သမ္မတဘိုင်ဒန်ကို မလိုလားသူ အစိုးရဆန့်ကျင်ရေး ပြည်တွင်းအစွန်းရောက်တွေ အကြမ်းဖက်လာနိုင်တဲ့ ခြိမ်းခြောက်မှု ဆက်လက်ရှိနေကြောင်း သိရပါတယ်။ ထိုအတောအတွင်း ဇန်နဝါရီ ၆ ရက် လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းခဲ့မှုမှာ ပါဝင်ခဲ့ကြောင်း သံသယရှိသူ ၄၀၀ ကို ဖော်ထုတ်နိုင်ခဲ့ပြီး ၁၃၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။

Share

Loading Next Article...
က္က