ကျန်းမာရေး အရမ်းချူချာတဲ့ မိခင်အတွက် အမေသာလျှင် နံပါတ်(၁) ဆိုတဲ့ စိတ်နဲ့ ပြုစုပေးနေတာပါ။

မိုးဟေကို ကတော့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေကို အနီးကပ် စောင့်ရှောက်ပေးနေရင်း အမေသာလျှင် နံပါတ်(၁) ဆိုတဲ့ စိတ်ကြောင့် အနုပညာအလုပ်တွေ လျှော့နည်းခဲ့တာလို့ ဆိုပါတယ်။ 

Photo: Moe Hay Ko



မိုးဟေကို ကတော့ လက်ရှိမှာ ဆီးချို၊ နှလုံး နဲ့ ကျောက်ကပ်ဝေဒနာ ခံစားနေရတဲ့ မိခင်ဖြစ်သူကို အနီးကပ် ပြုစု စောင့်ရှောက်ပေးနေတဲ့ သမီးလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင်တော့ “ မိုးကိုယ်တိုင်ပြောပြမယ့် မိုးဟေကို အကြောင်း” ဆိုတဲ့ ဗီဒီယို ဖိုင်လေး အပိုင်း(၂) မှာ သူမနဲ့ မိဘ နှစ်ပါးရဲ့ အကြောင်းတွေကို အခုလို ပြောပြထားတာ တွေ့ရပါတယ်။ 

“ မိုးက ကံကောင်းတဲ့သူတစ်ယောက်လို့ ပြောလို့ရပါတယ်။ ဒီနေ့ ဒီအချိန်ထိ မိဘနှစ်ပါး အနားမှာ အတူတူနေခွင့်ရတယ်။ မိဘနှစ်ပါးစလုံးကို ပြုစု စောင့်ရှောက်ခွင့်ရတဲ့ သမီး တစ်ယောက်ဖြစ်လို့ ကံကောင်းတဲ့ သူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် မှတ်ယူထားပါတယ်။ မိုးရဲ့ အဖေနဲ့ပတ်သက်ရင် ဒီနေ့ ဒီအချိန်ထိ ဆေးရုံ၊ ဆေးခန်း တစ်ခါမှ လိုက်မပြဖူးဘူး။ အဖေက ကျန်းမာရေး လိုက်စားတဲ့သူပါ။ မိုး မေမေ ကတော့ ကျန်းမာရေး အရမ်းအားနည်းတယ်၊ ကျန်းမာရေး ချူချာတဲ့သူ တစ်ယောက်ဖြစ်လို့ ဆီးချို၊ သွေးချို၊ ကျောက်ကပ်၊ နှလုံး ရောဂါတွေရှိတယ်။ အခုဆို မေမေက ကျောက်ကပ်ဆေးနေရတဲ့ ဝေဒနာရှင်တစ်ယောက်ပါ။ အခုဆို (၆) နှစ်တာ ကာလလည်းရောက်လာပြီ။ ကိုယ်တိုင်ကလည်း အမေ့ကို ပြုစုချင်တယ်၊ စောင့်ရှောက်ချင်တဲ့ အတွက်ကြောင့် ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတရမယ့် စာအုပ်လေးတွေကို ပိုပြီးတော့ ဖတ်ဖြစ်တယ်။ မေမေ့ကို ပြုစုခွင့်ရလို့ ဝမ်းလည်း ဝမ်းသာသလို၊ ဝမ်းလည်း ဝမ်းနည်းတယ်။ ဝမ်းသာတယ်ဆိုတာက သမီးတစ်ယောက်အနေနဲ့ အမေ့ရဲ့ ဘေးမှာနေပြီး ပြုစုခွင့်ရတယ်။ ဝမ်းနည်းတယ်ဆိုတာကတော့ သမီးတစ်ယောက်အနေနဲ့ အမေ ခံစားနေရတဲ့ ဝေဒနာတွေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရတာပေါ့နော်။ အဲဒီအချိန်မှာ ငါလည်း နောင်တစ်ချိန်ကျရင် ဒီလိုပဲ ခံစားရမှာပါလားလို့ တွေးမိတယ်။ တရားသဘောနဲ့ အိုမယ်၊ နာမယ်၊ သေမယ် ဆိုတာကိုပဲ ရှုမှတ်ရတယ်။ အဲဒီလိုမှ မလုပ်ရင် အရမ်း ခံစားရတယ်လေ။ အမေကိုယ်တိုင်ကလည်း မိုးကို တရားသဘောလေးနဲ့ ရှုမှတ်တတ်အောင် သင်ပေးလေ့ရှိပါတယ်” လို့ YouTube မှာ ဗီဒီယို ဖိုင်လေးတင်ရင်း ပြောထားတာပါ။ 

Photo: Moe Hay Ko

မိခင်ဖြစ်သူ နေမကောင်းစဖြစ်ကတည်းက မိုးဟေကိုဟာ အနုပညာအလုပ်တွေကို အရင်ကလောက် တစိုက်မတ်မတ် မလုပ်ဖြစ်တော့တာ တွေ့ရပါတယ်။ ဒါကလည်း အမေ့ရဲ့ အသက်ကို ကယ်နေရချိန်မှာ ဘယ်အရာကမှ ဦးစားပေးလို့ မရလောက်တဲ့အထိ ဖြစ်နေခဲ့တယ်လို့ ဆက်လက် ပြောပြထားပါတယ်။ 

“ မိုး အနုပညာအလုပ်တွေ လျှော့သွားတယ်ဆိုတာ တချို့ ပရိသတ်တွေကလည်း အားမလို အားမရ ဖြစ်ကြတယ်၊ တချို့မိုးရဲ့ Fan လေးတွေဆိုရင် စိတ်ဆိုးသွားကြတာတောင်ရှိတယ်။ အဲဒီတုန်းက မိုးက မိုး ဘာတွေဖြစ်နေလဲ၊ အမေ့ကို ဘယ်လို ပြုစု စောင့်ရှောက်နေတယ်ဆိုတာကို ဖော်ပြလေ့မရှိဘူး။ ဖော်လည်း မဖော်ပြခဲ့တော့ မသိကြဘူးပေါ့နော်။ အမေက အရမ်းချူချာတယ်၊ ပြီးခဲ့တဲ့ (၂) နှစ်လောက်တုန်းကဆိုရင် ကျောက်ကပ်ဆေးနေရင်းနဲ့ အကြီးစား ခွဲစိတ်ကုသမှုလုပ်ခဲ့ရတယ်။ ပြောရရင် အမေ့ကို အသက်တော်တော် လုပြီး ကယ်ခဲ့ရတာပါ။ အခုဆိုရင် ဘုရားပေးတဲ့အသက်ကို တော်တော် လုပြီး ကယ်လိုက်ရတာပါ။ အဲဒီတုန်းကဆိုရင် တစ်မိသားစုလုံး အမေ့အတွက် အချိန်တွေ ပေးခဲ့ရတယ်။ ပေးခဲ့ရတဲ့ အချိန်တွေက တစ်နှစ်ခွဲ လောက်အထိ ဆေးရုံ ဆေးခန်းတွေကိုသွားနေရတာပေါ့နော်။ အမေ့ကို မိုးကအရမ်းလည်း ချစ်တယ်၊ အရမ်းလည်း သနားတယ်။ အဲဒီအတွက် အမေ့ကို မိုးမှာ ရှိသမျှ ခွန်အားတွေနဲ့ နေ့ရော၊ ညရော အနီးကပ် ပြုစုခဲ့တာပါ။ သမီးတစ်ယောက်အနေနဲ့ အမေ့ရဲ့ ဝေရာဝစ္စ အကုန်လုံးကို လုပ်ပေးချင်တာ ကိုယ်က ငယ်ရွယ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် အလုပ်ကို ခဏဖယ်ပြီး အချိန်တိုင်းမှာ အမေဟာ နံပါတ်(၁) ဆိုတဲ့အတွေးနဲ့ ပြုစုခဲ့တယ်" လို့ သူက ဆိုပါတယ်။
 

Photo: Moe Hay Ko

မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က