လက်ရှိမှာ ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်ထံကို ရွေးကောက်ပွဲကန့်ကွက်လွှာ (၂၈၇) မှုတင်ထားတယ်လို့သိရပါတယ်။

(၂၀၀၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ၊ ၂၀၁၀ ပြည့်နှစ်နဲ့ (၂၀၁၅) ခုနှစ် အထွေထွေရွေးကောက်ပွဲတွေမှာလည်း မဲစာရင်းအချက်အလက်တွေ အားနည်းခဲ့တာကို တွေ့ရှိခဲ့ကြပြီး အခု ရွေးကောက်ပွဲမှာ မဲစာရင်းချို့ယွင်းချက်တွေကြောင့် မဲမသမာမှု အခြေအနေ မဖြစ်နိုင်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ဇန်နဝါရီ (၂၈) ရက်မှာအသိပေးထုတ်ပြန်လိုက်ပါတယ်။



မဲအနိုင်အရှုံးရလဒ်တွေက ဆန္ဒမဲပေးခြင်းလုပ်ငန်းစဉ်တွေ အတိုင်း မဲလာပေးတဲ့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒမဲလက်မှတ်အပေါ် အများပြည်သူ့ရှေ့မှောက်မှာ ကော်မရှင်အဖွဲ့ခွဲဝင်တွေ၊ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေနဲ့ အကူကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေ၊ သတင်းမီဒီယာတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာ ဆန္ဒမဲလက်မှတ်တွေကို တစ်ရွက်ချင်း ထောင်ပြခြင်း၊ ရေတွက်ခြင်းတွေကိုပြုလုပ်ခဲ့ပြီးလို့ ဆိုပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ်လောင်းတစ်ဦးစီ ရရှိတဲ့ ဆန္ဒမဲအရေအတွက်တွေကို ပုံစံ (၁၆) နဲ့ ပြုစုပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်း၊ မဲရုံမှာ ကပ်ထားခြင်းတွေကို လည်းပြုလုပ်ခဲ့တာပါ။ ဆက်လက်ပြီး မြို့နယ် ကော်မရှင်အဖွဲ့ခွဲတွေကလည်း လွှတ်တော်ကိုယ်စားလှယ်လောင်းအသီးသီးရရှိတဲ့ ဆန္ဒမဲအရေအတွက်ကို ပုံစံ (၁၉) နဲ့ အများပြည်သူရှေ့မှာ စာရင်းပြုစုခြင်း၊ ကိုယ်စားလှယ်တွေ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ၊ သက်ဆိုင်တဲ့ ကော်မရှင်အဖွဲ့ခွဲတွေ၊ အသိသက်သေတွေက လက်မှတ်ရေးထိုးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကို တိုင်း/ပြည်နယ် ကော်မရှင်အဖွဲ့ခွဲတွေက ကြေညာရခြင်းစတဲ့ ဆန္ဒမဲရေတွက်ခြင်းနဲ့ ရွေးကောက်ပွဲ အနိုင်အရှုံးကြေညာရခြင်း စတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ အတိုင်း ဆောင်ရွက်ကြပြီး သဘောတူအတည်ပြုကြခြင်းဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားတာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀၂ ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၁ အရ ရွေးကောက်ပွဲကိစ္စတွေကို လုပ်ပိုင်ခွင့်အာဏာလွှဲအပ်ခြင်းခံရပြီး လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်တယ်လို့လည်းဆိုပါတယ်။ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်ထောင်စုလွှတ်တော်၊ အစိုးရတို့နဲ့ နည်းလမ်းရှာပြီး ညှိနှိုင်းဖြေရှင်းပေးရန်၊ စုပေါင်း အဖြေရှာရန် မည်သည့် ဥပဒေကမှ အာဏာအပ်နှင်းထားတာမရှိကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄ မှာ ပါရှိတဲ့ “ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်၊ နိုင်ငံတစ်ဝန်းလုံး တည်သည်” ဆိုတဲ့ နိုင်ငံတော်အခြေခံမူအရ မဲဆန္ဒရှင်တွေရဲ့ သဘောထားကို ညှိနှိုင်းဖြေရှင်းပြီး အတိုးအလျှော့ အပေးအယူဖြင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကမှ ဥပဒေကျော်လွန်ကာ တစ်မျိုးတစ်ဖုံပြောင်းလဲရတဲ့ ကိစ္စ မဟုတ်ကြောင်း၊ ပြောင်းလဲမယ်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ကော်မရှင်ဥပဒေ၊ လွှတ်တော်အသီးသီးရဲ့ ရွေးကောက်ပွဲဥပဒေတွေကို ချိုးဖောက်ခြင်းဖြစ်သလို မဲဆန္ဒရှင်တွေရဲ့ ဆန္ဒကိုလည်း ဆန့်ကျင်ရာ ရောက်တယ်လို့ ပြည်ထောင်စုရွေးကော်မရှင်က အသိပေးကြေညာထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုတွေ၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေ ရှိပါက ဥပဒေအရ ကန့်ကွက်လွှာတင်သွင်းခြင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ရဲ့ အဆုံးအဖြတ်ကို ခံယူခြင်းကသာ ဥပဒေက ပေးထားတဲ့ အခွင့်အရေးဖြစ်တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲခုံအဖွဲ့တွေက လွတ်လပ်စွာစစ်ဆေးကြားနာ ဆုံးဖြတ်ပြီးတဲ့အခါ မကျေနပ်ပါက ပြည်ထောင်စုရွေးကောက်ပွဲမရှင်ကို အယူခံပြင်ဆင်မှုတွေ တင်သွင်းနိုင်ပြီး ရွေးကောက်ပွဲကော်မရှင်ကလည်း ဥပဒေနဲ့ အညီစစ်ဆေးကြားနာဆုံးဖြတ်သွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြတဲ့ကန့်ကွက်လွှာ အမှုပေါင်း (၂၈၇) မှုရှိပြီး မဲဆန္ဒရှင်တွေက (၉၄) မှုနဲ့ လွှတ်တော်ကိုယ်စးလှယ်လောင်းတွေက (၁၉၃) မှုရှိပြီး စစ်ဆေးကြားနာဖို့ ရွေးကောက်ပွဲခုံအဖွဲ့တွေ ဖွဲ့စည်းပေးထားတယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။

Share

Loading Next Article...
က္က