အာဏာပိုင်တွေက ကူးစက်မှုထိန်းချုပ်ရေး အဆောတလျင် ဆောင်ရွက်နေပြီး ထောင်နဲ့ချီတဲ့ လူတွေကို ဗိုင်းရပ်စ်စစ်နေပါတယ်။

ဗီယက်နမ်နိုင်ငံမှာ နှစ်လနီးပါးအတွင်း COVID-19 ပြည်တွင်းကူးစက်ဖြစ်ပွားမှု ပထမဆုံးအကြိမ် ပြန်လည်တွေ့ရှိလာရကြောင်း ယနေ့ (ဇန်နဝါရီ ၂၈ ရက်) အတည်ပြုခဲ့ပြီး နောက်ဆုံး ကူးစက်မှုလှိုင်းထက် ပိုမိုဆိုးရွားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

(Photo: AFP)

ဗီယက်နမ်အာဏာပိုင်တွေက ကူးစက်မှုထိန်းချုပ်ရေး အဆောတလျင် လုပ်ဆောင်နေပြီး ထောင်နဲ့ချီတဲ့ လူတွေကို ဗိုင်းရပ်စ်စစ်ဆေးနေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့အစောပိုင်း ထုတ်ပြန်ချက်အရ COVID-19 ပြည်တွင်းကူးစက်မှုနှစ်ခုကို တွေ့ရှိခဲ့ကြောင်းနဲ့ ၅၅ ရက်အတွင်း ပထမဆုံးဖြစ်ကြောင်း သိရပါတယ်။



ကူးစက်ခံရသူနှစ်ဦးအနက်မှ တစ်ဦးဟာ ဂျပန်နိုင်ငံမှာ ဗြိတိန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံခဲ့ရသူနဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ယနေ့ထုတ်ပြန်ချက်အရ ဗီယက်နမ်မှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၈၃ ဦး တိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှု အများဆုံး စံချိန်သစ်တင်ခဲ့ပါတယ်။

(Photo: Reuters)

ဗီယက်နမ်ဟာ ၎င်းရဲ့နယ်စပ်များကို ထိထိရောက်ရောက် ပိတ်ထားခဲ့ပြီး အိမ်နီးချင်း နိုင်ငံများနဲ့ နှိုင်းယှဥ်ပါက ကပ်ရောဂါကူးစက်မှု အလွန်များပြားစွာ မဖြစ်ခဲ့ပါဘူး။ ယနေ့ မတိုင်ခင်အထိ ဗီယက်နမ်မှာ COVID-19 ကူးစက်ခံရသူ ၁,၅၅၀ နဲ့ သေဆုံးသူ ၃၅ ဦးရှိခဲ့ပါတယ်။ ယခု ပြန်လည်တွေ့ရှိလာရတဲ့ ကူးစက်ဖြစ်ပွားမှုတွေဟာ ဗီယက်နမ်မြို့တော် ဟနွိုင်းမြို့အနီး Hai Duong နဲ့ Quang Ninh ပြည်နယ်တို့မှဖြစ်ပြီး ယမန်နှစ် ဇူလိုင်လအတွင်း Danang မြို့မှာ တွေ့ရှိခဲ့ရတဲ့ ကူးစက်မှုအစုအဝေးနောက်ပိုင်း အများဆုံးဖြစ်လာခဲ့ပါတယ်။

"Hai Duong မှာ အခုတွေ့ရတဲ့ ကူးစက်ဖြစ်ပွားမှုက Danang မှာထက် နောက်ဆုံးကြုံခဲ့ရတာထက် ပိုဆိုးပါလိမ့်မယ်၊ ကျွန်တော်တို့ ထောင်နဲ့ချီတဲ့ ဓာတ်ခွဲနမူနာတွေကို ဗိုင်းရပ်စ်စစ်ဆေးဖို့ ရယူသွားမှာပါ" လို့ ကျန်းမာရေးဝန်ကြီး Ngyuen Thanh Long က ဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့ ငါးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်တဲ့ ညီလာခံပြင်ပ အရေးပေါ် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

၎င်းရဲ့အဆိုအရ ဗီယက်နမ်မှာ ယခုနောက်ဆုံးတွေ့ရှိရတဲ့ ကူးစက်မှုအသစ်အရေအတွက် ယခလင်က မရှိခဲ့ဘူးကြောင်းလည်း သိရပါတယ်။ ယနေ့ သိရှိလာရတဲ့ စစ်ဆေးမှအဖြေများအရ ကူးစက်ခံရသူနှစ်ဦးနဲ့ ထိတွေ့ခဲ့သူ ၁၃၈ ဦးကို စစ်ဆေးခဲ့ရာမှာ ၇၂ ဦးဟာ ကူးစက်ခံထားရတယ်လို့ Ngyuen Thanh Long က ပြောခဲ့ပါတယ်။

ယနေ့ အစောပိုင်းမှာ စစ်ဆေးတွေ့ရှိခဲ့တဲ့ COVID-19 ပြည်တွင်းကူးစက်ခံရသူ နှစ်ဦးအနက် တစ်ဦးဟာ Van Don အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝန်ထမ်းတစ်ဦးပါဝင်ခဲ့ပြီး ပြည်ပမှရောက်ရှိလာတဲ့ လေယာဥ်စီးခရီးသည်တွေအနက် ကူးစက်ခံထားရသူတွေကို ကွာရန်တင်းနေရာများသို့ ပို့ဆောင်ပေးရသူဖြစ်ကြောင်း သိရပါတယ်။ အခြားတစ်ဦးမှာ စက်ရုံအလုပ်သမားဖြစ်ကြောင်းနဲ့ ဂျပန်နိုင်ငံသို့ ခရီးသွားခဲ့ပြီး ဗြိတိန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စအသစ် ကူးစက်ခံခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံသားတစ်ဦးနဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

"လေဆိပ်ဝန်ထမ်းက ဆေးရုံအပါအဝင် အများပြည်သူဆိုင်ရာ နေရာတွေကို ရောက်ခဲ့ပါတယ်၊ စက်ရုံအလုပ်သမားကတော့ ဗြိတိန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ ယူဆရပြီး သူနဲ့ထိတွေ့မှုကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေနေပါတယ်" လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အဆိုပါ ပြည်တွင်းကူးစက်မှုတွေ့ရပြီးနောက် Hai Duong ပြည်နယ်မှာ ကျေးရွာတစ်ရွာနဲ့ လျှပ်စစ်ပစ္စည်းစက်ရုံကို ယနေ့ lockdown လုပ်ထားပြီး အလုပ်သမား ၂,၃၄၀ ကို အသွားအလာကန့်သတ်ထားကာ ထိတွေ့မှု ခြေရာခံ ရှာဖွေရေး အကြီးအကျယ် လုပ်ဆောင်နေကြောင်း သိရပါတယ်။ ဗီယက်နမ်ဟာ COVID-19 ကူးစက်မှု ပထမလှိုင်းကို ဧပြီလအတွင်း စတင်ကြုံတွေ့ခဲ့ရပြီး အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ကာ ယမန်နှစ် ဇူလိုင်လအတွင်း Danang မြို့မှာ ကူးစက်မှုများ ပြန်မတွေ့ရခင်အထိ ရက်ပေါင်း ၁၀၀ နီးပါး ပြည်တွင်းကူးစက်မှု ကင်းစင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က