မာတစ် ဒဏ်ရာရသွားလို့ ဗဟိုခံစစ်ပိုင်း ပြသနာရှိနေပါတယ်။

ဗန်ဒိုက်၊ ဂိုမက်ဇ်တို့ ဒဏ်ရာရနေတာကနေ မသက်သာသေးချိန်မှာ မာတစ်ကပြန်ကစားပေးနိုင်ခဲ့ပေမယ့် ဒဏ်ရာပြန်ရသွားခဲ့လို့ ကလော့ပ်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။


တော့တင်ဟမ်ဟော့စပါးအသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပေမယ့်လည်း ခံစစ်မှူးမာတစ်ဒဏ်ရာရရှိသွားခဲ့တာကြောင့် ခံစစ်ပြသနာတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးလ်ဟာ ကွင်းလယ်လူအယ်လ်ကန်တာရာကို ဗဟိုခံစစ်မှာ ထားကစားရမယ့်အရေးဖြစ်နေပါပြီ။ ဗန်ဒိုက်၊ ဂိုမက်ဇ်တို့ ဒဏ်ရာရနေတာကနေ မသက်သာသေးချိန်မှာ မာတစ်ကပြန်ကစားပေးနိုင်ခဲ့ပေမယ့် ဒဏ်ရာပြန်ရသွားခဲ့လို့ ကလော့ပ်အတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

စပါးနဲ့ပွဲမှာဆိုရင် ဟန်ဒါဆန်နဲ့ လူငယ်ကစားသမားနက်ဖိလစ်တို့ကို ဗဟိုခံစစ်မှာ ကစားစေခဲ့ရတဲ့အထိ လီဗာပူးလ်ဟာ ခံစစ်ပိုင်းပြသနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ အခုလာမယ့် ဝက်စ်ဟမ်းနဲ့့ပွဲမှာတော့ ကလော့ပ်အနေနဲ့ နက်ဖိလစ်ကို အရဲစွန့်အသုံးပြုဖွယ်မရှိဘူးလို့ သတင်းတွေထွက်နေပြီး သီယာဂိုကို ဗဟိုခံစစ်မှာကစားစေဖို့အတွက် စဉ်းစားနေကြောင်းလည်း liverpoolecho က ရေးသားဖော်ပြခဲ့ပါတယ်။ 

ယူနိုက်တက်နဲ့ပွဲမှာ ဝီလီယံကို ထည့်သွင်းကစားစေခဲ့ပြီး အမှားအယွင်းကျူးလွန်ခဲ့တာကြောင့် ဂိုးပေးခဲ့ရပြီး အာနိုးလ်နဲ့ ဝီလီယံတို့ရဲ့ ညာဘက်ခြမ်းခံစစ်ကို ယူနိုက်တက်က တော်တော်လေးဖိအားပေးနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် စပါးနဲ့ပွဲမှာ ကလော့ပ်က ဟန်ဒါဆန်နဲ့မာတစ်တို့ကို တွဲဖက်ပေးခဲ့ပြီး မာတစ်ဒဏ်ရာရချိန်မှာ နက်ဖိလစ်ကို ထည့်သွင်းကစားခဲ့ရပြီး ခံစစ်ပိုင်းပြသနာကို ဖြေရှင်းခဲ့ရပါတယ်။

စပါးနဲ့ပွဲမှာ ၀ိုင်နယ်ဒမ်က နံပါတ် ၆ နေရာကို ဝင်ကစားခဲ့ပြီး သီယာဂိုကို တိုက်စစ်ကိုအနည်းငယ်လိုက်ပါတဲ့ပုံစံနဲ့ ကစားခဲ့ရာမှာ နယ်သာလန်ကွင်းလယ်လူက ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် လာမယ့်ပွဲမှာ ၀ိုင်နယ်ဒမ်ကို အဆိုပါနေရာမှာပဲ ထားကစားစေဖွယ်ရှိပြီး သီယာဂိုကိုတော့ ခံစစ်ပိုင်းအတွက် တာဝန်ယူစေဖို့ ကလော့ပ်ဘက်က ရွေးချယ်လာဖွယ်ရှိနေတယ်လို့ သုံးသပ်နေတာဖြစ်ပါတယ်။ 

ဝက်စ်ဟမ်းကတော့ ဒီရာသီမှာ ခြေစွမ်းပြကစားနေတဲ့အသင်းဖြစ်ပြီး အမှတ်ပေးဇယားအဆင့် ၅ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လီဗာပူးလ်အတွက်တော့ သတိကြီးကြီးထားကစားရမယ့်ပွဲဖြစ်ပြီး ခံစစ်ပိုင်းပြသနာကို စိတ်ချရအောင်စီမံနိုင်ဖို့က အရေးကြီးနေပါတယ်။ 

Share

က္က