၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစားမလိုက်နာရင် ဖျက်ပစ်ရမယ်ဆိုတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပြောကြားချက်က တပ်မတော်က ၂၀၀၈ခြေဥကို ဖျက်သိမ်းမယ့်အဓိပ္ပာယ်မဟုတ်ဘဲ သင်တန်းသား အရာရှိတွေကို အခြေခံဥပဒေရဲ့ သဘောသဘာဝကို နားလည်ဖို့ ဆွေးနွေးချက်ဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က "တပ်မတော်သည် လက်နက်ကိုင်ထားသော အဖွဲ့အစည်း ဖြစ်သည့် အတွက် အခြေခံဥပဒေကို လေးစားလိုက်နာရန်လိုအပ်ကြောင်း ၊ ထို့ကြောင့် တပ်မတော်သားများအနေဖြင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်မှုမရှိသည့် တည်ဆဲဥပဒေအားလုံးကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် Mother Law ပင်ဖြစ်ပြီး မိမိတို့ တပ်မတော်သားများအနေဖြင့် လေးစားလိုက်နာရန် လိုအပ်သည်ဟု ပြောကြားလိုကြောင်း ၊ ဥပဒေကို မလေးစား၊မလိုက်နာပါက အဆိုပါဥပဒေကို အသုံးပြုရန်မလိုအပ်တော့သဖြင့် ဖျက်ပစ်ရမည်ဖြစ်ကြောင်း " ဇန်နဝါရီ ၂၇ရက်က ပြောကြားခဲ့တာပါ။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုထဲက အလွှာပေါင်း၈လွှာ ၊ ကိုယ်စားလှယ် ၇၀၀ခန့်နဲ့ ဆွေးနွေးပြီး ပြည်လုံးကျွတ်ဆန္ဒခံယူထားတဲ့ ပြည်သူတွေလိုလားတောင်းဆိုသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးနေတဲ့ ဥပဒေဖြစ်တယ်လို့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ဒါကြောင့် တပ်မတော်က တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို စောင့်ထိန်းလိုက်နာပြီး ဥပဒေဘောင် အတွင်းက ဆောင်ရွက်လျက်ရှိတာကြောင့် ဒီဥပဒေကို ကာကွယ် စောင့်ရှောက်ပြီး ပြဌာန်းထားတဲ့ ဥပဒေဘောင်အတွင်းက ဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။