ဂျပန်နိုင်ငံမှာ သေဆုံးသူ မိခင်ရဲ့အလောင်းကို ၎င်းတို့တိုက်ခန်းရှိ ရေခဲသေတ္တာအတွင်း ထည့်ထားခဲ့တဲ့ အမျိုးသမီးတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
(Photo: ST)
သူမရဲ့မိခင် သေဆုံးနေတာကို တွေ့ရှိခဲ့ပြီးနောက် လွန်ခဲ့တဲ့ ၁၀ နှစ်က အလောင်းကို သိုဝှက်ထားခဲ့ကြောင်းနဲ့ မိခင်ရဲ့အလောင်းကို တိုကျိုမှာရှိတဲ့ တိုက်ခန်းကနေ မရွှေ့ချင်ခဲ့တာကြောင့်ဖြစ်ကြောင်း အသက် ၄၈ နှစ်အရွယ် ယူမီယိုရှီနို အမည်ရှိ အမျိုးသမီးက ထုတ်ဖော်ပြောခဲ့တယ်လို့ ဒေသခံမီဒီယာက အမည်မဖော်တဲ့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်ကို ကိုးကားဖော်ပြပါတယ်။
အေးခဲထားတဲ့ မိခင်ရဲ့အလောင်းမှာ ပြင်ပဒဏ်ရာ မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အာဏာပိုင်တွေက မိခင်ဖြစ်သူ သေဆုံးခဲ့ချိန်နဲ့ သေဆုံးရတဲ့အကြောင်းရင်းကို မသိနိုင်သေးပါဘူး။ မိခင်ဖြစ်သူဟာ သေဆုံးချိန်မှာ အသက် ၆၀ ဝန်းကျင်ဖြစ်တယ်လို့ ယူဆရကြောင်း Kyodo News သတင်းဌာနက ဖော်ပြပါတယ်။
ယူမီယိုရှီနိုဟာ တိုက်ခန်းဌားခ မပေးနိုင်တာကြောင့် နှင်ချခံရပြီးနောက် သန့်ရှင်းသမားက ထိုတိုက်ခန်းကို ရှင်းလင်းခဲ့စဥ် ရေခဲသေတ္တာအတွင်း အလောင်းတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အလောင်းကို ရေခဲသေတ္တာထဲမှာ ဝင်ဆံ့နိုင်ရန် ခွေခေါက်ထည့်ထားခဲ့တာ တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ထို့နောက် ယူမီယိုရှီနိုကို တိုကျိုအနိး ချီဘားမြို့ရှိ ဟိုတယ်တစ်ခုမှာ ယမန်နေ့ (ဇန်နဝါရီ ၂၉ ရက်) က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။