ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (Centers for Disease Control and Prevention - CDC) က အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် အားလုံးနီးပါးမှာ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစပြီး မဖြစ်မနေ mask တပ်ရန် ယမန်နေ့ (ဇန်နဝါရီ ၂၉ ရက်) နှောင်းပိုင်းမှာ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။

(Photo: Reuters)

CDC ညွှန်ကြားချက်အရ လေယာဥ်၊ သင်္ဘော၊ ရထား၊ မြေအောက်ရထား၊ ဘတ်စ်ကား၊ တက္ကစီ အပါအဝင် သယ်ယူပို့ဆောင်ရေးစနစ်တွေမှာ mask တပ်ထားရမှာ ဖြစ်ပါတယ်။ ထို့အတူ လေဆိပ်၊ ဘတ်စ်ကားဂိတ် သို့မဟုတ် ကူးတို့သင်္ဘောဆိပ်၊ ရထားနဲ့ မြေအောက်ရထား ဘူတာရုံတွေ၊ ဆိပ်ကမ်းတွေမှာလည်း mask တပ်ထားရန်လိုအပ်ကြောင်း သိရပါတယ်။



သမ္မတဂျိုးဘိုင်ဒန်က လေဆိပ်တွေနဲ့ စီးပွားဖြစ်လေကြောင်းလိုင်းလေယာဥ်၊ ရထားတွေနဲ့ ရေယာဥ်တွေ အပါအဝင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် အားလုံးမှာ mask တပ်ရန် စည်းမျဥ်းစည်းကမ်းကို အစိုးရဌာနတွေအနေနဲ့ ချက်ချင်း စီမံဆောင်ရွက်ကြရန် ဇန်နဝါရီ ၂၁ ရက်နေ့မှာ ညွှန်ကြားခဲ့ပါတယ်။

(Photo: Reuters)

CDC က ဇန်နဝါရီ ၂၀ ရက်အထိ သမ္မတတာဝန်ယူခဲ့တဲ့ ဒေါ်နယ်ထရန့်လက်ထက်မှာ ယခုကဲ့သို့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တွေမှာ မဖြစ်မနေ mask တပ်ရမယ့် ညွှန်ကြားချက်ထုတ်ရန် ဆောင်ရွက်ခဲ့ပေမဲ့ ဟန့်တားခံခဲ့ပါတယ်။ ထို့နောက် CDC က mask အသုံးပြုကြရန် အလေးအနက် တိုက်တွန်းအကြံပြုခြင်းသာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ထရန့်ဟာ ကွန်ဂရက်လွှတ်တော်က မဖြစ်မနေ mask တပ်ရန် စည်းမျဥ်းစည်းကမ်း ထုတ်ပြန်ရန်ကြိုးပမ်းမှုကိုလည်း ပယ်ချခဲ့ပြီး ၎င်းကိုယ်တိုင်လည်း mask တပ်ရန် ဝန်လေးခဲ့သူဖြစ်ပါတယ်။ သမ္မတဘိုင်ဒန်လက်ထက်မှာတော့ COVID-19 ကူးစက်မှုထိန်းချုပ်ရေး နည်းစနစ်များပြောင်းလဲမှုနဲ့အတူ မဖြစ်မနေ mask အသုံးပြုရန်လည်း ညွှန်ကြားလာခဲ့ပါတယ်။

"ကျွန်တော်တို့ရဲ့ သယ်ယူပို့ဆောင်ရေးစနစ် အားလုံးမှာ mask အသုံးပြုခြင်းက အမေရိကန်တွေကို အကာအကွယ်ပေးမှာဖြစ်ပြီး ဒီကပ်ရောဂါကာလအတွင်း ဘေးအန္တရာယ်ကင်းကင်း ခရီးပြန်သွားနိုင်ဖို့ ကျွန်တော်တို့ကို ယုံကြည်မှုရှိစေမှာပါ" CDC ရဲ့ Division of Global Migration and Quarantine ညွန်ကြားရေးမှူး Marty Cetron လက်မှတ်ရေးထိုးထားတဲ့ စာမျက်နှာ ၁၁ မျက်နှာပါ ညွန်ကြားချက်က ပြောထားပါတယ်။

(Photo: Reuters)

CDC ညွှန်ကြားချက်က mask မတပ်ခြင်းကို ပြည်ထောင်စုဥပဒေချိုးဖောက်မှုအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။ ထိုသို့ သတ်မှတ်ခြင်းဖြင့် လေယာဥ်အမှုထမ်းတွေနဲ့ အခြား တာဝန်ရှိသူတွေအတွက် လူတွေကို mask တပ်ရမယ့် စည်းမျဥ်းစည်းကမ်း လိုက်နာစေရန် ဆောင်ရွက်ရာမှာ ပိုမိုလွယ်ကူစေမယ်လို့ ဆိုပါတယ်။

အမေရိကန်ဟာ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ကာကွယ်ဆေးထိုးနေပြီဖြစ်ပေမဲ့ လက်ရှိအချိန်အထိ ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ အမေရိကန်မှာ ယခုအချိန်အထိ ကူးစက်ခံရသူ ၂၆ သန်းကျော်နဲ့ သေဆုံးသူ ၄၄၇,၀၀၀ ကျော်ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က