In partnership with  logo
အတွေ့အကြုံတွေက ရရှိတဲ့ တန်ဖိုးရှိတဲ့ အကြံဉာဏ်တွေ၊ စကားသံတွေ ဖြစ်ပါတယ်။

HR လောကကို စိတ်ဝင်စားသူတွေ ၊ HR ပိုင်းကို ခုမှ စတင်ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့သူတွေအတွက် HR တစ်ယောက်ရဲ့ လုပ်ငန်းဆောင်တာတွေ၊ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ၊ သင်ယူလေ့လာရမယ့် အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးပေးသွားမယ့်သူကတော့ DKSH Myanmar ရဲ့ HR Partnering Manager ဒေါ်မိုးမဉ္ဇူသွယ်ပါ။ သူကတော့ HR လောကကို ဝင်ရောက်ချင်တဲ့အတွက် Career Change ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်း ပြောင်းလဲလိုက်တဲ့အတွက် အစကနေ ပြန်လည်စတင်ခဲ့ရတာကြောင့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံတွေ့ခဲ့ရပေမယ့်လည်း ဇွဲမလျော့တမ်းြကိုးစားခဲ့တာကြောင့် ခုလို နေရာမှာ ရပ်တည်နိုင်တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ASEAN Youth Organization ရဲ့ Board of Director တစ်ဦးဖြစ်သလို အမျိုးသမီးဝတ် Shwe Poe Ready to Wear ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒီလို တာဝန်တွေအများကြီး ယူထားတဲ့ သူတစ်ယောက်ဆီကနေ တန်ဖိုးရှိလှတဲ့ အတွေ့အကြုံတွေ၊ ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေ၊ အကြံဉာဏ်တွေကို Meet the Manager အစီအစဉ်ကနေ လေ့လာဖတ်ရှုကြည့်ကြရအောင်ပါ။ 



Q- ပထမဆုံးသိချင်တာကတော့ HR လောကကို အသက်မွေးဝမ်းကျောင်းအဖြစ် ရွေးချယ်ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြပေးပါ။ 

A-ကျွန်မဘဝမှာဆို အများကြီးကျော်ဖြတ်ခဲ့ရပါတယ်။ အရင်တုန်းက ကျွန်မ Office Manager အနေနဲ့ လုပ်ခဲ့တယ်။ အဲဒီတုန်းကတော့ HR နဲ့ Admin ရောနေတဲ့ကာလတစ်ခုပေါ့။ အဲဒီအချိန်မှာ ကျွန်မက Office Manager ဘဝကနေပြီးတော့ Admin ကို ကျွန်မ လုံးဝမလုပ်ချင်တော့ဘူး၊ HR ကို Career Change မယ်ဆိုပြီး Manager Level ကနေပြီးတော့ Senior Level တစ်ခုကို ပြန်ရောက်သွားတာပေါ့။ လစာဆိုရင်လည်း အဲဒီတုန်းက ၇ သိန်းရခဲ့တယ်ဆိုရင် Career Change လိုက်တာ ဖြစ်တဲ့အတွက်ကြောင့် ၃သိန်းခွဲပဲရခဲ့တယ်။ Career Change တဲ့အခါမှာလည်း ကျွန်မအနေနဲ့ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရတယ်။ 

Q- ငယ်ငယ်ရွယ်ရွယ်နဲ့ စီမံခန့်ခွဲမှုအပိုင်းကို တာဝန်ယူရတဲ့အခါ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါသလဲ။ 

A-ကျွန်မက အသက်နည်းနည်းငယ်တဲ့အချိန်မှာ Management ရာထူးကို ရတဲ့အထဲမှာပါတယ်။ အဲဒီတော့ ဘာဖြစ်သလဲဆိုတော့ အဲဒီ Challenging ကလည်း Myanmar Culture အနေနဲ့ဆိုရင် one of the Challenging ထဲမှာ ပါတာပေါ့။ ပထမဆုံး ကုမ္ပဏီတစ်ခုကို ငယ်ငယ်ရွယ်ရွယ်နဲ့ Manager Level နဲ့ ရောက်သွားတဲ့အခါကျတော့ trust လည်း သိပ်မရှိသေးဘူး။ ဒါကတော့ မှန်ပါတယ်။ ကျွန်မသည် ဒီလိုလူမျိုးပါ၊ လုပ်နိုင်ပါလားဆိုတာကို ပြသနိုင်တဲ့အနေအထားရဖို့ အများကြီး ကြိုးစားခဲ့ရတယ်။ 

Q- လုပ်ငန်းခွင်အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတာလည်း ဂျူနီယာတွေအတွက် အကြံပေးစကားပြောပေးပါဦး။

A-စိန်ခေါ်မှုတွေသာ မရှိရင် လုပ်ငန်းခွင်လို့ မခေါ်ဘူး။ အရမ်းစိတ်ညစ်တယ်၊ ပြဿနာတွေ ကြုံရတယ်ဆိုတော့ ဟုတ်တယ်။ ကြုံရမှာပဲ။ ဒါက လုပ်ငန်းခွင်ဖြစ်နေတာကိုး၊ စိန်ခေါ်မှုကတော့ တစ်ခုနဲ့ တစ်ခု တူမှာမဟုတ်ဘူး။ ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်မှာလည်း Barrier တွေ ၊ Challenge တွေ ကြုံတွေ့ရတယ်။ ပေါင်းသင်းဆက်ဆံရေးမှာလည်း အထက်နဲ့ ပတ်သက်တဲ့ Barrier တွေ ရှိတယ်၊ တချို့ Sale သမားတွေလည်း Target မထိလို့ Barrier တွေ ဖြစ်တယ်၊ တချို့ကျတော့လည်း လုပ်ငန်းခွင်အဆင်ပြေတယ် ၊ Target အဆင်ပြေတယ်၊ အထက်လူကြီးနဲ့ အဆင်မပြေဘူး။ အထက်လူကြီးနဲ့ အဆင်ပြေတယ်၊ ဝန်ထမ်းတွေနဲ့ အဆင်ပြေတယ်၊ Target မထိဘူး။ Target ထိပြီး အားလုံးအဆင်ပြေပြန်တော့လည်း ပေးတဲ့လစာကနည်းတယ်။ Support မပေးနိုင်ဘူး။ ဆိုတော့ ဒါက လူတိုင်း ကြုံတွေ့ရတဲ့ အနေအထားတစ်ခုပါ။ Challenge လို့ ပြောရင်တော့ အများကြီးပေါ့နော်၊ တစ်ယောက်နဲ့ တစ်ယောက် ကြုံတွေ့ရတဲ့ Challenge တွေကတော့ မတူဘူး။ ကိုယ်ကတော့ ကြုံလာသမျှကို ကျော်ဖြတ်ဖို့ ကြိုးစားရမှာပေါ့။

Q- HR လောကကို ဝင်ရောက်ချင်သူတွေအတွက်လည်း အကြံပေးစကား ပြောပေးပါဦး။ 

A-ကိုယ်က တကယ် HR ကို စိတ်ဝင်စားတယ်၊ လုပ်ချင်တယ်ဆိုရင်တော့ အခု certificate သင်တန်းတွေရှိတယ်။ အဲဒါတွေတက်သင့်တယ်။ အခြေခံအကျဆုံးကတော့ ကွန်ပျူတာသင်တန်းတွေ တက်သင့်တယ်။ computer basic တွေ ၊ စာစီစာရိုက်တွေ၊ excel တွေ တက်ထားသင့်တယ်။ Fresher တွေအနေနဲ့ လစာကို မကြည့်စေချင်ဘူး။ အဓိကက အတွေ့အကြုံအရင်ယူ၊ ကိုယ့်မှာ အတွေ့အကြုံရလာပြီဆိုရင် နောက်က လစာက လိုက်လာမှာပါ။ အစ်မအနေနဲ့ Challenge တွေကို အကြံပေးချင်တာက ကုမ္ပဏီတစ်ခုကို အနည်းဆုံးတော့ နှစ်နှစ်လောက် လုပ်ပါလို့ အကြံပြုချင်တယ်။ 

Q-HR တစ်ယောက်မှာ ဘယ်လိုအရည်အချင်းတွေ ရှိထားဖို့ လိုအပ်သလဲ။ 

A-ပထမဆုံးတစ်ချက်ကတော့ HR ဆိုတာ ဝန်ထမ်းတွေနဲ့ ထိတွေ့ဆက်ဆံရမှာ ဖြစ်တဲ့အတွက် communication skills ကတော့ အဓိက လိုအပ်တယ်။ နောက်တစ်ခုက Rules and Regulations တွေသိရမယ်။ အပြင်မှာ ဘာဖြစ်နေလဲ ၊ အတွင်းမှာ ဘာဖြစ်နေလဲဆိုတာကိုလည်း သိရမယ်။ ကိုယ့်ရဲ့ Organization တစ်ခုကိုပဲ သိနေတာမျိုးမဟုတ်ဘဲ Market မှာ ဘယ်လိုတွေ ရွေ့နေပြီလဲ ၊ ဘယ်လိုတွေ သွားနေပြီလဲ ၊ ဘယ် Trend က ဘယ်လိုသွားနေလဲဆိုတာ သိရမယ်။ ကိုယ့်ရဲ့ Professional ဖြစ်တဲ့ HR နဲ့ ပတ်သက်တဲ့ Subjects တွေကိုလည်း နားလည်ရမယ်။ ကိုယ်က HR လုပ်နေပြီး HRရဲ့ စာတွေ ကို မသိရင်တော့ အဆင်မပြေဘူး။ ဒါကတော့ HRမှမဟုတ်ပါဘူး၊ ဘယ်ဌာနမှာပဲ လုပ်လုပ် အခြေခံရဲ့ သဘောတရားကိုတော့ နားလည်ထားရမယ်။ နောက်ဆုံးတစ်ချက်က company culture ကို နားလည်ရမယ်။ company culture ကို နားလည်မှ ဒီကုမ္ပဏီကို ဘယ်လို သွားရမလဲ၊ ဒီကုမ္ပဏီက ဝန်ထမ်းတွေကို ဘယ်လိုမျိုးသွားရင် အဆင်ပြေမလဲဆိုတာကို သိမှာ။

Q-နောက်ဆုံးအနေနဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာလုပ်သူတွေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးအကြောင်း ပြောပြပေးပါဦး။

A-ဘယ်အလုပ်ကလေးပဲ ဖြစ်ဖြစ် အဲဒီအလုပ်ကို ထူးချွန်စွာ လုပ်မယ်ဆိုရင် ဒီအလုပ်မှာကော နောက်တစ်ခုက အပြင်မှာပါ ကိုယ့်ရဲ့ ကိုယ်ပိုင် Business အနေနဲ့ လုပ်လို့ရတယ်။ ပြီးတော့ Professional အလုပ်ကို သေသေချာချာ လုပ်မယ်ဆိုရင် နောက်ပိုင်းမှာ Consultant လုပ်လို့ရတဲ့ အနေအထားထိ ‌ရောက်နိုင်တယ်။ အဓိကက မိမိလုပ်တဲ့ အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်မယ်ဆိုရင် အနာဂတ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင် Business ပဲဖြစ်ဖြစ် ၊ ရာထူးကြီးပဲဖြစ်ဖြစ် ရရှိသွားနိုင်ပါတယ်။ 

Meet the Manager အစီအစဉ်ကိုတော့ Duwun Careers Platform ကနေ နှစ်ပတ်တစ်ကြိမ်တင်ဆက်သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာဆိုရင် အောက်ခြေဘဝကနေ ကြိုးစားရုန်းကန်ရင်း Manager Level ကို တက်လှမ်းနိုင်ခဲ့ကြတဲ့သူတွေရဲ့ အတွေ့အကြုံတွေ၊ လုပ်ငန်းခွင်စိန်ခေါ်မှုတွေ ကြိုးစားအားထုတ်ခဲ့ရတာတွေကို ကြားသိရမှာဖြစ်တဲ့အတွက် လုံးဝ လက်လွှတ်ခံလို့မဖြစ်ပါဘူး။ အလုပ်အကိုင်အခွင့်အလမ်းတွေကို စောင့်မျှော်နေတဲ့သူတွေ၊ လုပ်ငန်းခွင်အခက်အခဲတွေကြောင့် စိတ်ပျက်အားငယ်နေတဲ့သူတွေအတွက် Duwun Careers က အားပေးနှစ်သိမ့်ရင်း အခွင့်အလမ်းကောင်းတွေ ၊ အကြံဉာဏ်ကောင်းတွေ ပေးနေတဲ့ မိတ်ဆွေသူငယ်ချင်းအဖြစ် အမြဲရှိနေမှာပါ။



Share

Loading Next Article...
က္က