နှစ်သစ်ကူးမတိုင်မီ နေရာဒေသ ၂၂ ခုရှိ ကျောင်းများအားလုံးကို ပိတ်လိုက်ပါတယ်။

ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ COVID-19 ကူးစက်မှုအစုအဝေးအသစ် တွေ့ရှိလာရပြီးနောက် ကွန်မြူနစ်ပါတီညီလာခံကို ဖေဖေါ်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းမှာ အဆုံးသတ်လိုက်ခဲ့ပြီး နှစ်သစ်ကူးမတိုင်မီ နေရာဒေသ ၂၂ ခုရှိ ကျောင်းများအားလုံးကို ပိတ်လိုက်ကြောင်း သိရပါတယ်။

(Photo: Reuters)

ဗီယက်နမ်မှာ လူအမြောက်အမြားကို ဗိုင်းရပ်စ်စစ်ဆေးခြင်းနဲ့ တင်းကြပ်တဲ့ ကွာရန်တင်းအစီအမံတွေကြောင့် ကပ်ရောဂါကူးစက်မှုကို အခြားအရှေ့တောင်အာရှိနိုင်ငံတွေထက် ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁,၈၅၀ ဦးနဲ့ သေဆုံးသူ ၃၅ ဦးရှိခဲ့ပါတယ်။ ဗီယက်နမ်ဟာ COVID-19 ကူးစက်မှုကို အအောင်မြင်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံတွေအနက် ပါဝင်ပါတယ်။



"ကျွန်တော်တို့ အခက်အခဲနဲ့ ထူးခြားတဲ့ Tet (ဗီယက်နမ် နှစ်သစ်ကူး) ကာလကို ကြုံကြရမှာပါ၊ ဒါပေမဲ့ ဒီအခြေအနေကို အတူတကွ ကျော်ဖြတ်နိုင်မယ်ဆိုတာ သေချာပါတယ်" လို့ ဗီယက်နမ်ရဲ့ COVID-19 လုပ်ငန်းအဖွဲ့အကြီးအကဲ Vu Duc Dam က ပြောကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။ ဗီယက်နမ်ရဲ့ နေရာဒေသနဲ့ မြို့ကြီး သုံးပုံတစ်ပုံမှာ ကျောင်းများအားလုံး ပိတ်ထားမယ်လို့ သိရပါတယ်။

(Photo: Reuters)

ဗီယက်နမ်မှာတွေ့ရတဲ့ ကူးစက်မှုအသစ် အများစုဟာ ဟနွိုင်းမြို့တော်အနီး Hai Duong ပြည်နယ်မှာဖြစ်ပြီး ထိုပြည်နယ်ရှိ စက်ရုံအလုပ်သမား ၂,၃၄၀ ကို အသွားအလာကန့်သတ်ထားရှိပါတယ်။ စက်ရုံအလုပ်သမားတစ်ဦးဟာ ဂျပန်နိုင်ငံသို့ ခရီးသွားခဲ့ပြီး ဗြိတိန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် ကူးစက်ခံခဲ့ရသူ ဗီယက်နမ်နိုင်ငံသားနဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

"Hai Duong မှာ အခုတွေ့ရတဲ့ ကူးစက်ဖြစ်ပွားမှုက Danang မှာထက် နောက်ဆုံးကြုံခဲ့ရတာထက် ပိုဆိုးပါလိမ့်မယ်၊ ကျွန်တော်တို့ ထောင်နဲ့ချီတဲ့ ဓာတ်ခွဲနမူနာတွေကို ဗိုင်းရပ်စ်စစ်ဆေးဖို့ ရယူသွားမှာပါ" လို့ ကျန်းမာရေးဝန်ကြီး Ngyuen Thanh Long က ဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့ ငါးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်တဲ့ ညီလာခံပြင်ပ အရေးပေါ် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ဗီယက်နမ်မှာ ကူးစက်မှုအသစ်တွေကို ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဇန်နဝါရီ ၂၈ ရက်) မှာ စတင်တွေ့ရှိခဲ့ရပြီး အနည်းဆုံး မြို့ကြီးတွေနဲ့ နေရာဒေသ ၉ ခုသို့ ပျံ့နှံ့သွားခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၁ ရက်) နေ့ကလည်း ဟနွိုင်းမြို့တော်မှာ အများစုအပါအဝင် ကူးစက်ခံရသူ ၃၃ ဦး တိုးလာခဲ့ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဟနွိုင်းမြို့မှာ နေ့စဥ် ဗိုင်းရပ်စ်စစ်ဆေးမှုကို လူ ၄၀,၀၀၀ အထိ တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

COVID-19 ကူးစက်မှုအသစ်များ တွေ့ရှိရတဲ့ နေရာအများစုမှာ အခြေခံအားဖြင့် ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပြောခဲ့ပါတယ်။ စနေနေ့ (ဇန်နဝါရီ ၃၀ ရက်) မှာတော့ ဒုတိယ ကျန်းမာရေးဝန်ကြီးက တာဝန်ရှိသူတွေအနေနဲ့ ဗီယက်နမ်နှစ်သစ်ကူး အားလပ်ရက်စတင်မယ့် ဖေဖေါ်ဝါရီ ၁၀ ရက်မတိုင်မီ ဖေဖေါ်ဝါရီ ၆ ရက်မှာ ကူးစက်မှုထိန်းချုပ်ရန် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က