ကာကွယ်ဆေးထိုးပြီး လူဦးရေရဲ့ သုံးပုံနှစ်ပုံကျော်ဟာ အချမ်းသာဆုံးနိုင်ငံတွေမှ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ လူဦးရေ သန်း ၁၀၀ ကျော်ကို COVID-19 ကာကွယ်ဆေးထိုးပေးခဲ့ပြီးဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၂ ရက်နေ့အထိ တရားဝင် သတင်းရင်းမြစ်များထံမှ AFP စာရင်းအရ သိရှိရပါတယ်။

(Photo: Reuters)

သို့သော် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေမှာတော့ လူအမြောက်အမြားကို ကာကွယ်ဆေးထိုးပေးမှု မစတင်ရသေးဘဲ ယခု ထိုးပေးခဲ့ပြီးတဲ့ လူဦးရေရဲ့ သုံးပုံနှစ်ပုံကျော်ဟာ အချမ်းသာဆုံးနိုင်ငံတွေမှ ဖြစ်ပါတယ်။ COVID-19 ကာကွယ်ဆေးထိုးမှုမှာ အစ္စရေးနိုင်ငံက ဦးဆောင်နေပြီး ၎င်းရဲ့လူဦးရေ ၃၇ ရာခိုင်နှုန်းဟာ အနည်းဆုံး ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီး ဖြစ်တယ်လို့ဆိုပါတယ်။ အစ္စရေးလူဦးရေရဲ့ ငါးပုံတစ်ပုံကျော်ကတော့ ကာကွယ်ဆေးနှစ်ကြိမ်လုံး ထိုးပြီးဖြစ်ပါတယ်။



COVID-19 ကာကွယ်ဆေးထိုးမှု မစတင်ရသေးတဲ့ နိုင်ငံတွေမှာ နေထိုင်ကြတဲလူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံကျော် (၃၅ ရာခိုင်နှုန်း) ရှိတယ်လို့ ဆိုပါတယ်။ အစ္စရေးနိုင်ငံပြီးပါက ကာကွယ်ဆေးအများဆုံး ထိုးပေးပြီးတဲ့ နိုင်ငံတွေကတော့ မြောက်အမေရိ၊ ဥရောပနဲ့ ပါရှန်ပင်လယ်ကွေ့မှ နိုင်ငံများဖြစ်ပါတယ်။ ဗြိတိန်က နိုင်ငံလူဦးရေရဲ့ ၁၃.၇ ရာခိုင်နှုန်းနဲ့ အမေရိကန်က လူဦးရေရဲ့ ၇.၉ ရာခိုင်နှုန်း (၃၂.၂ သန်း) ကို ကာကွယ်ဆေးထိုးပေးပြီးဖြစ်ကြောင်း သိရပါတယ်။

(Photo: AFP)

ဥရောပကတော့ ကာကွယ်ဆေးထောက်ပံ့ပေးမှုနဲ့ ပတ်သက်ပြီး ဗြိတိန်အခြေစိုက် AstraZeneca ကုမ္ပဏီနဲ့ အငြင်းပွားမှုတွေ ရှိနေခဲ့ပါတယ်။ ဥရောပမှာ လူဦးရေ ၁၂.၇ သန်း (စုစုပေါင်းလူဦးရေရဲ့ ၂.၃ ရာခိုင်နှုန်း) ကိုသာ ကာကွယ်ဆေးထိုးပေးပြီး ဖြစ်ပါတယ်။ ထိုအတောအတွင်း တရုတ်မှာ လူဦးရေ ၂၄ သန်းနဲ့ ကာကွယ်ဆေးအများအပြား ထုတ်လုပ်နေတဲ့ အိန္ဒိယမှာ လူဦးရေ ၄ သန်းကို ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ အိန္ဒိယက ကာကွယ်ဆေးထိုးပြီးတဲ့ လူအရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ အနည်းငယ်မျှသာလည်း ဖြစ်ပါတယ်။

ဥရောပဒေသတွင်း ကာကွယ်ဆေးအများဆုံး ထိုးပြီးတဲ့နိုင်ငံတွေအဖြစ် မော်လ်တာ (လူဦးရေရဲ့ ၅.၄ ရာခိုင်နှုန်း)၊ ဒိန်းမတ် (လူဦးရေရဲ့ ၃.၂ ရာခိုင်နှုန်း) နဲ့ ပိုလန် (လူဦးရေရဲ့ ၃.၁ ရာခိုင်နှုန်း) တို့က ရပ်တည်နေပါတယ်။ COVID-19 ကာကွယ်ဆေးထိုးပြီးတဲ့ လူဦးရေ ရာခိုင်နှုန်းမှာ ဗြိတိန်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ နိုင်ငံဟာ ဥရောပပြင်ပမှ ဆားဘီးယားဖြစ်ပါတယ်။ ဆားဘီးယားက တရုတ်နိုင်ငံထုတ် Sinopharm နဲ့ ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးများထိုးပေးနေကြောင်းနဲ့ လက်ရှိအချိန်အထိ နိုင်ငံလူဦးရေရဲ့ ၆.၂ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးပြီးဖြစ်ကြောင်း သိရပါတယ်။

(Photo: Reuters)

ချမ်းသာတဲ့နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးမှုအစီအစဥ် စတင်နေခဲ့ပြီဖြစ်ပြီး ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေကတော့ ကာကွယ်ဆေးရရှိရန် စောင့်ဆိုင်းနေပါတယ်။COVID-19 ကာကွယ်ဆေး သန်း ၁၀၀ ကျော် (၁၀၁,၃၁၇,၀၀၅) ကို အများအားဖြင့် ချမ်းသာတဲ့နိုင်ငံနဲ့ နယ်မြေ ၇၇ ခုမှာ ထိုးပေးခဲ့ကြောင်း AFP ရဲ့ စာရင်းက ဖော်ပြပါတယ်။ သို့သော် ဂျပန်၊ တောင်ကိုရီးယားနဲ့ ဩတြေးလျ အပါအဝင် ချမ်းသာတဲ့နိုင်ငံအချို့မှာတော့ ကာကွယ်ဆေးထိုးမှုအစီအစဥ် စမတင်သေးပါဘူး။

လက်ရှိမှာ ကမ္ဘာတစ်ဝန်း နှစ်ကြိမ်ထိုးရတဲ့ COVID-19 ကာကွယ်ဆေး ခုနစ်မျိုးကို အသုံးပြုနေကြပါတယ်။ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးတို့ကို မြောက်အမေရိက၊ ဥရောပ၊ အစ္စရေးနဲ့ ပင်လယ်ကွေ့ဒေသမှာ ထိုးပေးနေပါတယ်။ Oxford-AstraZeneca ကာကွယ်ဆေးကိုတော့ ဗြိတိန်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာနဲ့ မော်ရိုကို နိုင်ငံတွေမှာ အသုံးပြုနေပြီး ဥရောပမှာ မကြာမီ ထိုးပေးသွားမယ်လို့ သိရပါတယ်။

(Photo: Reuters)

အိန္ဒိယက ပြည်တွင်းကုမ္ပဏီ Bharat Biotech က ထုတ်လုပ်ထားတဲ့ COVID-19 ကာကွယ်ဆေးကိုလည်း အသုံးပြုနေပါတယ်။ ရုရှား၊ အာဂျင်တီးနား၊ အယ်လ်ဂျီးရီးယား၊ ဘီလာရုစ်နဲ့ ဆားဘီးယား နိုင်ငံတွေမှာတော့ ရုရှားထုတ် Sputnik V ကာကွယ်ဆေးကို ထိုးပေးနေတာ ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီ Sinopharm ကာကွယ်ဆေးကိုတော့ တရုတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဘာရိန်း၊ ဆားဘီးယား၊ ဆေချဲလက်စ်နဲ့ ဂျော်ဒန်တို့မှာ အသုံးပြုနေပြီး အင်ဒိုနီးရှားနဲ့ တူရကီမှာ နောက်ထပ် တရုတ်ကာကွယ်ဆေးတစ်မျိုးဖြစ်တဲ့ Sinovac ကို ထိုးပေးနေကြောင်း သိရပါတယ်။ တရုတ်ထုတ် Sinovac နဲ့ Sinopharm ၊ ရုရှားထုတ် Sputnik V ကာကွယ်ဆေးတို့ကို တရုတ်နဲ့ ရုရှားမှ ကျန်းမာရေးအာဏာပိုင်တွေက တရားဝင် ခွင့်ပြုချက်မပေးထားသေးကြောင်း AFP သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က