ဗြိတိန်တစ်ဝန်း ယခင် COVID-19 ကူးစက်ခံရဖူးသူတွေရဲ့ ပဋိပစ္စည်းပမာဏကို လေ့လာခဲ့ကြပါတယ်။

ယခင် COVID-19 ကူးစက်ခံခဲ့ရသူ အားလုံးနီးပါးထံမှာ အနည်းဆုံး ခြောက်လကြာ နောက်တစ်ကြိမ် ကူးစက်ခံရမှုကို ကာကွယ်နိုင်ဖွယ်ရှိတဲ့ ပဋိပစ္စည်းပမာဏရှိကြတယ်လို့ ဗြိတိန်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်က ဖေဖေါ်ဝါရီ ၃ ရက်မှာ ဖော်ပြပါတယ်။

(Photo: Reuters)

ဗြိတိန်တစ်ဝန်း ယခင် COVID-19 ကူးစက်ခံရဖူးသူတွေရဲ့ ပဋိပစ္စည်းပမာဏကို တိုင်းတာခဲ့တဲ့ လေ့လာမှုမှာ ၎င်းတို့ရဲ့ ခန္ဓာကိုယ်အတွင်း ပဋိပစ္စည်းများ မည်မျှကြာတဲ့အထိ ရှိနေခဲ့ကြောင်းကိုလည်း ဆန်းစစ်ခဲ့ကြောင်းနဲ့ တစ်ကြိမ်ကူးစက်ခံရပြီးသူတွေ နောက်တစ်ကြိမ် ပြန်ကူးစက်ခံရမှုဟာ ရှားပါးလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။



"ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးနောက် အများစုမှာ စစ်ဆေးတွေ့ရှိနိုင်တဲ့ ပမာဏအဖြစ် ပဋိပစ္စည်းတွေ ဆက်ရှိနေပါတယ်" လို့ လေ့လာမှုပြုလုပ်ခဲ့တဲ့ UK Biobank မှ ပါမောက္ခနဲ့ သိပ္ပံပညာရှင်အကြီးအကဲ Naomi Allen က ပြောပါတယ်။ လေ့လာမှုမှာ ပါဝင်ခဲ့ကြတဲ့ COVID-19 ကူးစက်ခံခဲ့ရသူရဲ့ ၉၉ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို တုံ့ပြန်နိုင်တဲ့ ပဋိပစ္စည်းများ သုံးလကြာ ရှိနေတယ်လို့ လေ့လာမှုရလဒ်က ဖော်ပြပါတယ်။

(Photo: AFP)

ထို့နောက် ခြောက်လအကြာမှာ နောက်တစ်ကြိမ် ပြန်လည်စစ်ဆေးခဲ့ရာ လေ့လာမှုမှာပါဝင်ခဲ့တဲ့ COVID-19 ကူးစက်ခံရသူတွေရဲ့ ၈၈ ရာခိုင်နှုန်းက ပဋိပစ္စည်းများရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ "ဒီဟာက ကိုယ်ခံစွမ်းအားနဲ့ ဘယ်လို ဆက်နွယ်နေတယ်ဆိုတာ ကျွန်မတို့ မသေချာနိုင်ပေမဲ့ လေ့လာမှုရလဒ်အရ ကူးစက်ခံရပြီးတဲ့ လူတွေဟာ နောက်ပိုင်း အနည်းဆုံးခြောက်လကြာ နောက်တစ်ကြိမ် ကူးစက်မှုကို ကာကွယ်နိုင်ဖွယ်ရှိပါတယ်" လို့ Naomi Allen က ပြောပါတယ်။

ဗြိတိန်နဲ့ အိုက်စ်လန်မှာ လုပ်ဆောင်ခဲ့ဖူးတဲ့ ယခင်လေ့လာမှုတွေရဲ့ ရလဒ်များကလည်း COVID-19 တစ်ကြိမ်ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာလာသူတွေထံမှာ ပဋိပစ္စည်းများ လအတန်ကြာ ဆက်ရှိနေကြောင်း ဖော်ပြထားခဲ့ပါတယ်။ ဗြိတိန် ကျန်းမာရေးဝန်ထမ်းတွေကို လေ့လာခဲ့မှုအရ COVID-19 ကူးစက်ခံရသူဟာ အနည်းဆုံး ငါးလကြာ ကူးစက်မှုကို ကာကွယ်ထားပြီးသား ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

သို့သော် ပဋိပစ္စည်းများရှိနေတဲ့ အဆိုပါ လူတွေဟာ ဗိုင်းရပ်စ်ကို သယ်ဆောင်ထားနိုင်ဆဲဖြစ်ပြီး ကူးစက်ပျံ့နှံ့စေနိုင်ကြောင်း ထိုလေ့လာမှုက မှတ်ချက်ပြုထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ UK Biobank မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ကိုရိုနာဗိုင်းရပ်စ် ပဋိပစ္စည်းများရှိတဲ့ ဗြိတိန်လူဦးရေ အချိုးအစားဟာ လေ့လာမှုစတင်ခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလ-ဇွန်လမှာ ၆.၆ ရာခိုင်နှုန်းကနေ ၂၀၂၀ ခုနှစ် နိုဝင်ဘာ-ဒီဇင်ဘာမှာ ၈.၈ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။ ပဋိပစ္စည်းများတွေ့ရှိရတဲ့ လူဦးရေအချိုးအစားဟာ လန်ဒန်မြို့မှာ အများဆုံးဖြစ်ပြီး ၁၂.၄ ရာခိုင်နှုန်းနဲ့ စကော့တလန်မှာ ၅.၅ ရာခိုင်နှုန်းဖြင့် အနည်းဆုံးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က