တောင်ကိုရီးယားမှာ ကပ်ရောဂါရှိသူတွေနဲ့ ထိတွေ့မှုရှိခဲ့ပြီး ကိုယ်ပူ၊ ချောင်းဆိုး သို့မဟုတ် အသက်ရှူရခက်ခဲမှုဖြစ်နေတဲ့ အိမ်မွေးကြောင်တွေနဲ့ ခွေးတွေကို COVID-19 စစ်ဆေးပေးသွားမယ်လို့ ဆိုးလ်မြို့တော် တာဝန်ရှိသူတွေက ဖေဖေါ်ဝါရီ ၈ ရက်နေ့မှာ ပြောပါတယ်။
(Photo: Reuters)
Yonhap သတင်းမှာ ဖော်ပြခဲ့မှုအရ တောင်ကိုရီးယားမှာ တိရိစ္ဆာန်တစ်ကောင်ကို ပထမဆုံး COVID-19 ကူးစက်မှုအဖြစ် ဇန်နဝါရီ ၂၄ ရက်နေ့က ကြောင်ပေါက်စလေးတစ်ကောင် ကူးစက်ခံရကြောင်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ "ဒီနေ့ကစပြီး ဆိုးလ်မြို့တော်အုပ်ချုပ်မှုအဖွဲ့က အိမ်မွေးခွေးတွေနဲ့ ကြောင်တွေကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေးသွားမှာပါ" လို့ ဆိုးလ်မြို့တော်မှာ COVID-19 ထိန်းချုပ်ရေး ဆောင်ရွက်နေတဲ့ တာဝန်ရှိသူ Park Yoo-mi က သတင်းထောက်တွေကို ပြောပါတယ်။
COVID-19 ရှိတဲ့ လူတွေနဲ့ ထိတွေ့ခဲ့ပြီးနောက် ကိုယ်ပူ၊ ချောင်းဆိုး၊ အသက်ရှူရခက်ခဲပြီး နှာရည်ယိုနေတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုသာ စစ်ဆေးပေးသွားရန် ကန့်သတ်ထားမယ်လို့ ၎င်းကဆိုပါတယ်။ စစ်ဆေးမှုကို အိမ်မွေးတိရိစ္ဆာန်ရှိတဲ့ အိမ်အနီးမှာပင် တိရိစ္ဆာန်ဆေးကုဆရာဝန်တစ်ဦး အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေက စစ်ဆေးပေးမှာ ဖြစ်ပါတယ်။
(Photo: Reuters)
ကူးစက်ခံရကြောင်းတွေ့ရတဲ့ အိမ်မွေးတိရိစ္ဆာန်ကိုတော့ နေအိမ်မှာ ၁၄ ရက်ကြာ သီးခြားခွဲထားမယ်လို့ သိရပါတယ်။ သို့သော် COVID-19 ကူးစက်ခံထားရတဲ့ ပိုင်ရှင်တွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကိုတော့ သီးခြားနေမှာ လှောင်အိမ်ဖြင့်ထားရှိမှာ ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ COVID-19 အတည်ပြုလူနာတွေကို ဆေးရုံတက်ရန် မလိုအပ်ပါက အသွားအလာကန့်သတ်နေထိုင်ရတဲ့ ကွာရန်တင်းစင်တာမှာထားရှိပါတယ်။
ကမ္ဘာတစ်ဝန်းမှာ ခွေးတွေနဲ့ ကြောင်တွေ အပါအဝင် တိရိစ္ဆာန်တွေမှာ COVID-19 ကူးစက်ခံမှုတွေ့ရှိခဲ့ရပါတယ်။ ပြီးခဲ့တဲ့လအတွင်းကလည်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ San Diego တိရိစ္ဆာန်ရုံမှ အနည်းဆုံး မျောက်ဝံနှစ်ကောင်ထံမှာ ကူးစက်ခံရမှု တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ မျောက်ဝံတွေဟာ ရောဂါလက္ခဏာမပြတဲ့ တိရိစ္ဆာန်ရုံဝန်ထမ်းတစ်ဦးထံမှ ကူးစက်ခံရကြောင်း ယုံကြည်ထားပါတယ်။
(Photo: AFP)
ဒိန်းမတ်နိုင်ငံမှ ကမ္ဘာ့အကြီဆုံး သားမွှေးထုတ်လုပ်ရေးလုပ်ငန်းမှာလည်း အမွှေးရှည်မြွေပါများ COVID-19 ဖြစ်စေတဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တွေ့ခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ကပ်ရောဂါဟာ လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၁၀၆ သန်းကျော်ကို ကူးစက်ခဲ့ပြီး သေဆုံးသူ ၂.၃၂ သန်းကျော်ရှိခဲ့ကြောင်း သိရပါတယ်။