ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ဘုရင်စနစ်ကို စော်ကားမှုဖြင့် ဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူလေးဦးကို ပြန်လွှတ်ပေးရန် ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၀ ရက်) ညပိုင်းက စုရုံးဆန္ဒပြခဲ့ကြပါတယ်။
(Photo: Reuters)
ထိုင်းဥပဒေအရ တက်ကြွလှုပ်ရှားသူ ဆန္ဒပြခေါင်းဆောင်တွေအပေါ် စွဲချက်တင်ထားတဲ့ ဘုရင်စနစ်ကို စော်ကားမှုဟာ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ ပြစ်မှုလည်းဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူ ဆန္ဒပြခေါင်းဆောင်လေးဦးရဲ့ အာမခံလျှောက်ထားမှုကို အင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၉ ရက်) မှာ ပယ်ချခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။
ထိုင်းမှာ ယမန်နေ့ ဆန္ဒပြပွဲကို အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ တစ်သားတည်းရှိကြောင်းပြသရန် မူလက စီစဥ်ခဲ့ကြတာဖြစ်ပေမဲ့ နောက်ပိုင်းမှာတော့ ထိုင်းဘုရင်စနစ်ကိုစော်ကားမှုနဲ့ ပတ်သက်တဲ့ ဥပဒေကို ပြောင်းလဲရန် သို့မဟုတ် ဖျက်သိမ်းရန်နဲ့ ထိုဥပဒေဖြင့် စွဲချက်တင်ခံထားရတဲ့ ဆန္ဒပြခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပါတယ်။
(Photo: Reuters)
ထိုင်းဆန္ဒပြသူ အများအပြားက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုအဖြစ် ညစဥ် ၈ နာရီအချိန် သံပုံးတီးမှုကို အတုယူပြီး ထိုနည်းအတိုင်း ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ ယမန်နှစ်မှစပြီး လူငယ်များဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့ပြီး ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကိုပါ မကြုံစဖူး တောင်းဆိုလာခဲ့ကြပါတယ်။
ယမန်နေ့ ညပိုင်းမှာတော့ ဆန္ဒပြသူ ၁,၀၀၀၀ ခန့်က 'ငါတို့သူငယ်ချင်းတွေကိုလွှတ်ပေး'၊ 'ပုဒ်မ ၁၁၂ ဖျက်သိမ်းပစ်' အစရှိတဲ့ စာသားများရေးထားတဲ့ ဆိုင်းဘုတ်များကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာဆန္ဒပြသူတွေရဲ့ သံပုံးတီးဆန္ဒပြမှုကို အတုယူကာ ဒယ်အိုးများ၊ ဒရမ်များတီးပြီး ဆန္ဒပြသူတွေလည်း ပါဝင်ခဲ့ကြပါတယ်။
(Photo: Reuters)
"ဒီနေ့က ပထမဆုံး စုရုံးကြတဲ့နေ့ပါ၊ တရားမျှတမှုမရှိတဲ့စနစ်က ကျွန်တော်တို့ သူငယ်ချင်းတွေကို ဖမ်းဆီးထားပြီးနောက် ပထမဆုံး စတင်တိုက်ပွဲဝင်မှုပါ" လို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Panupong Jadnok က ဆိုပါတယ်။ "တစ်ကယ်လို့ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း မြန်မာက အာဏာသိမ်းမှုကို အနိုင်ယူနိုင်ခဲ့တယ်ဆိုရင် ကျွန်တော်တို့လည်း အောင်မြင်မှာပါ၊ ဒါပေမဲ့ တစ်ကယ်လို့ သူတို့ အနိုင်မရနိုင်ဘူးဆိုရင် ကျွန်တော်တို့ မျှော်လင့်ချက်ကို မစွန့်လွှတ်သင့်ဘူး" လို့ ၎င်းက ဆက်လက် ပြောခဲ့ပါတယ်။ ယမန်နေ့က ဘန်ကောက်မြို့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့မှုအချို့ ဖြစ်ပွားခဲ့ကြောင်းလည်း သိရပါတယ်။
.