အင်္ဂလန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ် (University of Oxford) က ၎င်းတို့ရဲ့ COVID-19 ကာကွယ်ဆေးဟာ ကလေးငယ်တွေမှာ ဘေးအန္တရာယ်ကင်းမှုနဲ့ ကိုယ်ခံစွမ်းအားတုံ့ပြန်မှုကို သိရှိနိုင်ရန် ပထမဆုံးအကြိမ် စမ်းသပ်မှုလုပ်ငန်းစဥ် စတင်ခဲ့ပြီဖြစ်ကြောင်း ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှာ ပြောပါတယ်။
(Oxford-AstraZeneca ကိုဗစ်ကာကွယ်ဆေး) (Photo: Reuters)
ယခုစမ်းသပ်မှုက Oxford-AstraZeneca ကာကွယ်ဆေးဟာ အသက် ၆ နှစ်နဲ့ ၁၇ နှစ်ကြား ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ ထိရောက်မှုရှိ မရှိ အကဲဖြတ်သွားမယ်လို့ အောက်စ်ဖို့ကတ္ကသိုလ်က အီးမေးလ်မှတစ်ဆင့် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
Oxford-AstraZeneca ကာကွယ်ဆေးစမ်းသပ်မှုမှာ ကလေးငယ်နဲ့ ဆယ်ကျော်သက် ၃၀၀ ခန့် မိမိတို့ သဘောဆန္ဒအလျောက် ပါဝင်ကြမှာဖြစ်ပြီး ယခုလအတွင်း ပထမဆုံး ကာကွယ်ဆေးထိုးမှုတွေကို စတင်ရန်ခန့်မှန်းထားပါတယ်။ နှစ်ကြိမ်ထိုးရတဲ့ Oxford-AstraZeneca ကာကွယ်ဆေးဟာ အခြား COVID-19 ကာကွယ်ဆေးတွေထက် ဈေးနှုန်းသက်သာပြီး ဖြန့်ဖြူးရလွယ်ကူတာကြောင့် 'ကမ္ဘာကြီးအတွက် ကာကွယ်ဆေး' အဖြစ် အသိအမှတ်ပြု ချီးကျူးခံထားရပါတယ်။
(အိန္ဒိယမှာထုတ်တဲ့ Covidshield ကိုဗစ်ကာကွယ်ဆေး) (Photo: Getty Images)
အောက်စ်ဖို့တက္ကသိုလ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ AstraZeneca ဆေးဝါးကုမ္ပဏီက ယခုနှစ်အတွင်း Oxford-AstraZeneca ကာကွယ်ဆေး ၃ ဘီလီယံ ထုတ်လုပ်ရန် စီစဥ်ထားပြီး ဧပြီလမှာ သန်း ၂၀၀ ထုတ်လုပ်ပြီးဖြစ်ရန် ရည်မှန်းထားကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှာ ထိုးပေးနေတဲ့ COVID-19 ကာကွယ်ဆေးဟာလည်း အောက်စ်ဖို့တက္ကသိုလ်နဲ့ AstraZeneca တို့ ပူးပေါင်းဖော်စပ်ထားတဲ့ ကာကွယ်ဆေးဖြစ်ပြီး အိန္ဒိယအခြေစိုက် ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးကုမ္ပဏီ Serum Institute of Inida မှာ Covidshield အမည်ဖြင့် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။