လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွ စီနင်းခံရမှုနဲ့ ပတ်သက်ပြီး ထရန့်ကို လှုံ့ဆော်မှုဖြင့် စွဲချက်တင်ခဲ့ပါတယ်။

အမေရိကန်လွှတ်တော်အဆောက်အအုံ ဆူပူအုံကြွ စီနင်းခံရမှုနဲ့ ပတ်သက်ပြီး သမ္မတဟောင်းဒေါ်နယ်ထရန့်ကို လှုံ့ဆော်မှုဖြင့် စွဲချက်တင်ထားမှုအပေါ် ပြစ်ဒဏ်ချမှတ်ရန် အထက်လွှတ်တော် (Senate) မှာ မဲခွဲဆုံးဖြတ်ခဲ့ရာ လုံလောက်တဲ့ ထောက်ခံမဲအရေအတွက် မရရှိခဲ့ကြောင်း သိရပါတယ်။

(ဒေါ်နယ်ထရန့်) (Photo: Reuters)

ဇန်နဝါရီ ၆ ရက် လွှတ်တော်အဆောက်အအုံဖြစ်ရပ်မှာ ထရန့်က အားပေးလှုံ့ဆော်ခဲ့ကြောင်း စွပ်စွဲပြစ်တင်ပြီး စွဲချက်တင်ရန် ဒီမိုကရက်တစ်တို့ ကြီးစိုးထားတဲ့ အောက်လွှတ်တော် (House of Representative) က မဲခွဲဆုံးဖြတ်ထားခဲ့ပါတယ်။ ထို့နောက် အထက်လွှတ်တော်မှာ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ထရန့်အပေါ် စွဲချက်တင်ထားမှုကို ကြားနာစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ရန် မွဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၅၇ မဲ၊ ကန့်ကွက်မဲ ၄၃ မဲ ရလဒ်ထွက်ပေါ်ခဲ့ပြီး လိုအပ်တဲ့ အများစုထောက်ခံမှုမရရှိခဲ့ပါဘူး။ ထရန့်ကို ပြစ်ဒဏ်ချရန် ထောက်ခံမဲ ၆၇ မဲ လိုအပ်တာလည်း ဖြစ်ပါတယ်။



(ထရန့်လိုလားသူများ လွှတ်တော်ကို ဆူပူအုံကြွ စီးနင်းခဲ့စဥ်) (Photo: AFP)

ထရန့်ကို စွဲချက်တင်ထားမှုကို ပြစ်ဒဏ်ချရန် ထောက်ခံမဲ့ပေးခဲ့သူတွေအနက် ၎င်းရဲ့ ရီပတ်ဘလစ်ကင်ပါတီမှ အမတ်ခုနစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အထက်လွှတ်တော် မဲခွဲဆုံးဖြတ်မှုအရ ပြစ်ဒဏ်ချမှတ်ခံရမယ့်အရေးမှ လွတ်မြောက်ခဲ့ပြီးနောက် ထရန့်က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ယခုကြားနာစစ်ဆေးဟာ သမိုင်းမှာ မလိုသူကိုဖယ်ရှားရေး အကြီးဆုံးလုပ်ရပ်အဖြစ် စွပ်စွဲရှုတ်ချလိုက်ပါတယ်။

ထရန့်အတွက် လွှတ်တော်မှာ စွပ်စွဲပြစ်တင်ကြောင်း စွဲချက်တင်ခံရမှုဟာ ဒုတိယအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။ အထက်လွှတ်တော်က ၎င်းကို စွဲချက်တင်ထားမှုအား ပြစ်ဒဏ်ချခဲ့ပါက ထရန့်ဟာ နောက်တစ်ကြိမ် သမ္မတရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။ ယခု အထက်လွှတ်တော် မဲခွဲဆုံးဖြတ်မှုအရ ထရန့်ဟာ ထိုသို့ ပိတ်ပင်ခံရမယ့်အရေးမှ လွတ်မြောက်ခဲ့ပါတယ်။

(လွှတ်တော်မှာ လုံခြုံရေးစောင့်ကြပ်ခဲ့သည့် အမေရိကန်စစ်သားများ) (Photo: AP)

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့က ၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန် အနိုင်ရရှိမှုကို အတည်ပြုရန် ကွန်ဂရက်လွှတ်တော်အစည်းအဝေး ကျင်းပပြုလုပ်စဥ် ထရန့်လိုလားသူတွေက လွှတ်တော်အဆောက်အအုံမှာ ဆူပူအုံကြွပြီး စီးနင်းနှောင့်ယှက်ခဲ့ကြပါတယ်။ ထိုဖြစ်ရပ်အတွင်း ရဲအရာရှိတစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ပါတယ်။ ထိုဖြစ်ရပ်မတိုင်မီ ထရန့်က ၎င်းအားထောက်ခံသူတွေကို ပြောကြားခဲ့တဲ့မိန့်ခွန်းဟာ လွှတ်တော်အဆောက်အအုံကို ဆူပူအုံကြွ စီးနင်းတိုက်ခိုက်ရန် လှုံ့ဆော်မှုဖြစ်ခဲ့ကြောင်း ဒီမိုကရက်တစ်တို့က စွပ်စွဲခဲ့ကြပါတယ်။

Share

Loading Next Article...
က္က