အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဒ်ရာပရာဒက်ရှ်ပြည်နယ်မှာ ဘတ်စ်ကားတစ်စီး တူးမြောင်းတစ်ခုထဲ ထိုးကျသွားခဲ့ရာ အနည်းဆုံး လူ ၄၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
(Photo: AP)
အဆိုပါ ဘတ်စ်ကားဟာ Sidhi ခရိုင် Satna ကျေးရွာအနီးရှိ တံတားတစ်စင်းပေါ်မှာ လမ်းချော်သွားခဲ့ပြီး တူးမြောင်းထဲသို့ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။ ယနေ့ (ဖေဖေါ်ဝါရီ ၁၆ ရက်) ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားမတော်တဆမှုအတွင်း ယာဥ်မောင်းအပါအဝင် လိုက်ပါလာသူ ခုနစ်ဦးက ကမ်းခြေသို့ ရေကူးလာနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ခရီးသည်ခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးသမားတွေက ကျန်ရှိနေတဲ့ ခရီးသည်တွေကို ရှာဖွေနေကြတယ်လို့ ဆိုပါတယ်။ ပြည်နယ်အစိုးရက ယခု ဘတ်စ်ကားမတော်တဆမှုကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရပါတယ်။ မျက်မြင်တွေ့ရှိခဲ့သူရဲ့ ပြောကြားမှုအရ ယာဥ်မောင်းဟာ ဘတ်စ်ကားကို မထိန်းနိုင်ဖြစ်ကာ တံတားလက်ရန်းကို ဝင်တိုက်မိပြီးနောက် Sharda တူးမြောင်းထဲသို့ ထိုးကျသွားခဲ့တယ်လို့ ဆိုပါတယ်။ တူးမြောင်းထဲထိုးကျခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ လူ ၆၀ ခန့်အထိ ပြည့်ကျပ်ပါရှိခဲ့ကြောင်း BBC သတင်းက ပြောပါတယ်။
(Photo: AP)
ကယ်ဆယ်ရေးလုပ်ငန်းကို စောင့်ကြည့်ရန်အတွက် ဘတ်စ်ကားမတော်တဆမှု ဖြစ်ပွားခဲ့တဲ့နေရာသို့ ပြည်နယ်ဝန်ကြီးနှစ်ဦး သွားရောက်နေပြီလို့ ပြည်နယ်ဝန်ကြီးချုပ် Shivraj Singh Chouhan က ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာ မြို့ငယ်တွေနဲ့ ခရိုင်များကြား ခရီးသွားလာရာမှာ ဘတ်စ်ကားများကို အသုံးပြုလေ့ရှိကြပါတယ်။ အိန္ဒိယဟာ ကမ္ဘာတစ်ဝန်းမှာ လမ်းမပေါ်မတော်တဆမှုတွေကြောင့် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပြီး နှစ်စဥ် လူဦးရေ ၁၅၀,၀၀၀ ခန့် သေဆုံးနေပါတယ်။
ယာဥ်မတော်ဆမှုတွေဟာ အဓိကအားဖြင့် အရှိန်လွန်မောင်းနှင်မှုနဲ့ မဆင်မခြင် မောင်းနှင်မှုတို့ကြောင့် ဖြစ်ပွားလေ့ရှိပါတယ်။ အိန္ဒိယမှာ နှစ်စဥ် လူဦးရေ ၃၅၀,၀၀၀ ကျော်ဟာ ယာဥ်မတော်တဆမှုတွေကြောင့် ကိုယ်လက်အင်္ဂါချို့ယွင်းပြီး မသန်းစွမ်းဖြစ်ကြရတယ်လို့ ဆိုပါတယ်။ ယာဥ်မတော်တဆမှုကြောင့် သေဆုံးဒဏ်ရာသူတွေနက် ၇၀ ရာခိုင်နှုန်းဟာ အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြားအရွယ်တွေ ဖြစ်တယ်လို့ အိန္ဒိယသယ်ယူပို့ဆောင်ရေးဝန်ကြီး Nitin Gadkari က ပြောပါတယ်။